အသင်းမဝင်ထားတဲ့ ကုန်တင်ယာဉ်တွေကို လုပ်ငန်းလိုင်စင်သက်တမ်းမတိုးပေး

ကုန်စည်ပို့ဆောင်နေတဲ့ ၉ တန်အထက် ကုန်တင်ယာဉ်အားလုံးဟာ သက်ဆိုင်ရာ အသင်းတွေမှာ အသင်းဝင်ဖြစ်ထားဖို့လိုပြီး အသင်းဝင်မထားပါက ပို့ဆောင်ရေးလုပ်ငန်း လိုင်စင်သက်တမ်းတိုးပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။

အဝေးပြေးကုန်စည်ပို့ဆောင်ရေးစနစ်ကို E-lock စနစ်ကျင့်သုံးနိုင်ဖို့ ၉ တန်နဲ့အထက် ကုန်တင်ယာဉ်အားလုံး သက်ဆိုင်ရာ အသင်းတွေဝင်ဖို့ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက အသိပေးထားတာပါ။

ကုန်တင်ယာဉ်တွေအနေနဲ့ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်း၊ မြန်မာနိုင်ငံအဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းတွေမှာ မှတ်ပုံတင်ပြီး အသင်းဝင်ဖြစ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အသင်းမဝင်ထားပါက ၉ တန်နှင့်အထက်ကုန်တင်ယာဉ်တွေကို ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ် ငန်းလုပ်ကိုင်ခွင့်လိုင်စင်အသစ် လျှောက်ထားခြင်း(သို့မဟုတ်) သက်တမ်းတိုးခြင်းများကို ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

E-Lock စနစ်အတွက် နိုင်ငံတော်မှ QR ကုတ်စနစ်ဖြင့်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အနေနဲ့လည်း ဒစ်ဂျစ်တယ်နည်းပညာဖြင့် အသင်းဝင်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းအနေနဲ့ အသင်းခွဲ ၈ သင်းရှိပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေး တိုင်း၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် နှင့် ရှမ်း ပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊အရှေ့ပိုင်း)အသင်းခွဲတွေမှာ အသင်းဝင်နိုင်ကြောင်း သိရပါတယ်။