အလောင်းကို အပိုင်းပိုင်းအစစ အဖြတ်ခံရတဲ့ ဟောင်ကောင်မော်ဒယ်အမှု တရားခံမိပြီ

ဟောင်ကောင်မော်ဒယ် အေဘီချောင်တင်ဖန် (Abby Choi Tin-fung) သေဆုံးမှုနဲ့ပတ်သက်လို့ သူမရဲ့ယောက္ခမဟောင်းဖြစ်သူနဲ့ အဲဒီယောက္ခမရဲ့သားဖြစ်သူတို့ကို လူသတ်မှုနဲ့ တရားစွဲဆိုလိုက်ပြီ ဟောင်ကောင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူမကို သတ်ဖြတ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံခဲ့ပြီးနောက် အခုလို တရားစွဲလိုက်တာလို့ ရဲက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် (ယနေ့) ချောင်ရဲ့ အသက် ၆၃ နှစ်ရှိ ယောက္ခမကို တရားဥပဒေချိုးဖောက်မှုနဲ့ အရေးယူခဲ့တာလို့လည်း သိရပါတယ်။

ခန္ဓာကိုယ်အပိုင်းပိုင်းအစစနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ချောင်ရဲ့အလောင်းကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ဟောင်ကောင်၊ တိုပိုသေ၊ လန်မိုင်းကျေးရွာမှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၈ အရွယ်ရှိ မော်ဒယ်နဲ့ လူမှုကွန်ရက်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေသူ ချောင် သေဆုံးမှုသတင်းကြောင့် ဟောင်ကောင်တစ်မြို့လုံး အထိတ်တလန့်ဖြစ်သွားခဲ့ရပါတယ်။

အသက် ၂၈ နှစ်ရှိချောင်ရဲ့ခင်ပွန်းဟောင်းဟာ ဟောင်ကောင်မြို့ကနေ စပိဘုတ်အမြန်ရေယာဉ်စီးပြီး ထွက်ပြေးမယ့်အစီအစဉ်ကို ရဲက သိရှိသွားတဲ့အတွက် လန်တောကျွန်းရှိ တန်ချောင်ဆိပ်ခံတံတားမှာ ဖေဖော်ဝါရီ ၂၅ ရက်၊ နေ့လယ် ၁ နာရီမှာ သူ့ကို စီးနင်းဖမ်းဆီးခဲ့ပါတယ်။