အဖေများနေ့ကို ဂုဏ်ပြုသောအားဖြင့် “အဖေ”သီချင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်

အဖေ့တန်ဖိုး

အဖေဆိုတာ ပုခက်လွဲခဲ့တဲ့ လက် မဟုတ်ပါဘူး …. ။ ဒါပေမဲ့ လွဲဖို့ ပုခက်ဆင် ပေးခဲ့တဲ့ လူတစ်ယောက်.. ။

အဖေဆိုတာ အမေတစ်ယောက်လို အနားမှာ အချိန်ပြည့် ဂရုမစိုက်နိုင်ပေမဲ့ … ။

အမေ့ ဂရုစိုက်မှု ကို အချိန်ပြည့် ရအောင် ဖြည့်ဆည်း ပေးခဲ့တဲ့ လူတယောက် … ။

အဖေဆိုတာ အမေလို သာသ္မီးအပေါ် ကြင်နာမှုကို အပြင်ထုတ်ပြီးမချစ်နိုင်ပေမဲ့ … ။

အမေတစ်ယောက်ထက်မလျော့တဲ့ ကြင်နာမှုတွေရင်ထဲမှာ အပြည့်ရှိနေခဲ့တဲ့လူတစ်ယောက်.. ။

အဖေ ဆိုတာ အမေ တစ်ယောက်လို ဖိုးလမင်း ဆီ က ထမင်း ဆီဆမ်း ရွှေလင်ပန်း နဲ့ တောင်းမကျွေးခဲ့ ပေမဲ့ … ။

သား ၊ သ္မီး ကို ကျောအပေါ်တင် ဆင်ကြီး တစ်ကောင် ၊ မြင်းတစ်ကောင် ဖြစ်ပေးခဲ့တဲ့ သူတစ်ယောက် … ။

အဖေ ဆိုတာ အမေ တစ်ယောက်လို ဝတ်ချင်တာကို ကိုယ်တိုင် မဆင်ပေးခဲ့ ပေမဲ့ … ။

ဝတ်ချင်တာကို ဆင်ပေးနိုင်အောင် ဖြည့်ဆည်း ပေးခဲ့တဲ့ လူတစ်ယောက် ..။

အဖေ ဆိုတာ အမေ တစ်ယောက်လို စားချင်တာကို ချက်ပြုတ် မကျွေးနိုင်ပေမဲ့ စားချင်တာကို ချက်ပြုတ် ကျွေးနိုင်အောင် ဖန်တီးပေးခဲ့တဲ့ သူတစ်ယောက် …. ။

အဖေ ဆိုတာ အမေတစ်ယောက်လို ဝမ်း နဲ့ လွယ် မမွေးခဲ့ ပေမဲ့ ဝမ်း နဲ့ လွယ်ခဲ့ ရတဲ့ အမေ နဲ့ သား ၊ သ္မီးတွေ အတွက် ပူပင် သောက မရှိရအောင် စောင့်ရှောက်ကာကွယ်ပေးခဲ့တဲ့ သူ ..

မိသားစု ရဲ့ အဖြည့်ခံမေတ္တာ သမားကြီးတစ်ယောက်ဟာ အဖေပါပဲ … ။