အနောက်အုပ်စုက ယူကရိန်းနိုင်ငံသားများကို အမြောက်စာအဖြစ်အသုံးပြုနေ

အနောက်အုပ်စုမှနိုင်ငံများသည် ၎င်းတို့၏ ပထဝီနိုင်ငံရေးရည်မှန်းချက်များ ရရှိစေရေးအတွက် ဖရိုဖရဲဖြစ်မှုများနှင့် ပဋိပက္ခ ဖြစ်မှုများကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖန်တီးနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောသည်။

ယူကရိန်းနိုင်ငံအတွင်း ဖြစ်ပွားသောပဋိပက္ခသည် အမေရိကန်နှင့် အပေါင်းအပါနိုင်ငံများက ရုရှားနိုင်ငံကိုအထိ နာစေရန် ရည်ရွယ်ချက်ဖြင့် ထိုနိုင်ငံကို အသုံးပြုကာ ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်းနှင့် ယူကရိန်းနိုင်ငံသားများကို အမြောက်စာအဖြစ် အသုံးပြုနေကြောင်း ပူတင်ကဆက်ပြောသည်။

“အနောက်အုပ်စုဟာ ယူကရိန်းနိုင်ငံရဲ့ သယံဇာတအရင်းအမြစ်များကို မျက်နှာပြောင်တိုက်ကာ နှစ်ပေါင်းများစွာကြာ အသုံးချနေ တာပါ။ ဒွန်းဘတ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားစေဖို့ကိုလည်း သူတို့ပဲတွန်းအားပေးတာပါ။ ပြောရရင် တော့ သူတို့ကယူကရိန်းကို သူတို့ရဲ့ ကိုလိုနီနိုင်ငံအဖြစ် အသုံးချလိုက်တာဖြစ်ပါတယ်” ဟု ပူတင်ကပြောသည်။

ပူတင်သည် ထိပ်သီးအစည်းအဝေးတက်ရန် မော်စကိုမြို့သို့ ရောက်ရှိနေသည့် အာရှနိုင်ငံအများအပြားမှ ကာကွယ်ရေးဝန်ကြီးများကို ဗီဒီယိုမှတစ်ဆင့်မိန့်ခွန်းပြောစဉ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

“အခုလည်း သူတို့က ယူကရိန်းဆီကို စစ်လက်နက်ပစ္စည်းတွေ၊ ကြေးစားစစ်သားတွေ အဆက်မပြတ်ပေးပို့နေပြီး ယူကရိန်းနိုင်ငံကို ကိုယ့်သေတွင်း ကိုယ်တူးခိုင်သလို လုပ်နေပြန်ပါတယ်” ဟုပူတင်ကဆိုသည်။

ထို့ပြင် ယူကရိန်းပဋိပက္ခသည် အနောက်အုပ်စုအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် အပျက်သဘောဆောင်သော လွှမ်းမိုးမှုရရှိရေးအတွက် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသသာဖြစ်ကြောင်း ရုရှားသမ္မတကအခိုင်အမာပြောထားသည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုအနေဖြင့် ယူကရိန်းကရုရှားကို အောင်နိုင်သည်အထိ ထိုနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ပေးပို့ထောက်ပံ့သွားမည်ဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောသည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် လွတ်လပ်သော ဓနသဟာယနိုင်ငံများအဖွဲ့တို့မှ ကာကွယ်ရေးဝန်ကြီးများက အစည်း အဝေးများ ကျင်းပနိုင်ရေးအတွက် မော်စကိုမြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့ဝင်နိုင်ငံများအကြား အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် ပူတင်ကတိုက်တွန်းထားသကဲ့သို့ နိုင်ငံများအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းက အဖွဲ့ဝင်နိုင်ငံအားလုံးအတွက် အကောင်းဆုံးသော လုံခြုံရေး အာမခံချက်ကို ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောထားသည်ဟု သိရသည်။                       

Ref: RT

နိုင်ငံတကာသတင်း