ဂျပန်၊ ဗြိတိန်နှင့်အီတလီတို့က မျိုးဆက်သစ်တိုက်လေယာဉ်ကို ပူးပေါင်းတည်ဆောက်မည်

ဂျပန်၊ ဗြိတိန်နှင့်အီတလီနိုင်ငံတို့က မျိုးဆက်သစ်တိုက်လေယာဉ် အမျိုးအစားအသစ်ကို ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနိုင်ငံများသည် ၎င်းတို့၏ မျိုးဆက်သစ်တိုက်လေယာဉ်စီမံကိန်းများကို ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သည့် အတွက်   ထိုသို့သဘောတူခြင်းသည် ဂျပန်နိုင်ငံအနေဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်ပြီးနောက် အခြားသောနိုင်ငံများနှင့် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုကဏ္ဍတွင် ပထမဆုံးပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ထိုသဘောတူညီချက်သည် ၂၀၃၅ ခုနှစ် အရောက်တွင် အဆင့်မြင့် တိုက်လေယာဉ်တစ်စင်းကို စစ်ဆင်ရေးတွင် အသုံးပြုနိုင်ရေး ရည်ရွယ်ထားသည်။

ယင်းသဘောတူညီချက်အရ ဗြိတိန်နိုင်ငံဦးဆောင်သော Future Combat Air System စီမံကိန်းက Global Combat Air Program ဟုခေါ်သည့် ဂျပန်နိုင်ငံမှ F-X အစီအစဉ်နှင့်ပူးပေါင်းခြင်းဖြစ်ကြောင်း သက်ဆိုင်ရာသုံးနိုင်ငံစလုံးက ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန် ထားသည်။

ယခုကဲသို့ စစ်လက်နက်ပစ္စည်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကြောင့် ဂျပန်နိုင်ငံ၏ လုံခြုံရေးစွမ်းအင် တိုးတက်လာမည်ဖြစ်သည့် အပြင် ဗြိတိန်နိုင်ငံအတွက်လည်း ဒေသတွင်း၌ ကြီးမားသော ကာကွယ်ရေးကဏ္ဍတစ်ခုကို ပိုင်ဆိုင်စေမည်ဖြစ်သည်။

ဗြိတိန်နိုင်ငံအနေဖြင့် ကာကွယ်ရေးနည်းပညာတွင် ထိပ်တန်းအဆင့်၌ ဆက်လက်ရပ်တည်လိုကြောင်းနှင့် ယခုသဘောတူညီချက် သည် အလုပ်အကိုင် အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်က ပြောသည်။

အဆိုပါ တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံကိန်းတွင် ဗြိတိန်နိုင်ငံမှ BAE Systems PLC၊ ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ အကြီးစားစက်မှု လုပ်ငန်းနှင့် အီတလီနိုင်ငံမှ လီယိုနာဒိုကုမ္ပဏီတို့က လေယာဉ်ဒီဇိုင်းကို ပူးတွဲရေးဆွဲသွားမည်ဖြစ်သည်။

ထိုဒီဇိုင်းပိုင်းတွင် လူတူအသိဉာဏ်နှင့် ဆိုက်ဘာစစ်ဆင်ရေးတို့၌ အသုံးပြုနိုင်သည့် အဆင့်မြင့်ဒစ်ဂျစ်တယ်စွမ်းရည်များ ပါဝင်မည် ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။   

Ref: TST

နိုင်ငံတကာသတင်း