အဆင့်မြင့်မြင့်နေဖို့အတွက် လိုအပ်တဲ့ အရည်အချင်း (၅) ရပ်

မဟာနာမ်ဘုရင်ကြီးက မြတ်စွာဘုရားကို ဘယ်လိုနေနည်းနဲ့ နေရမလဲ ဆိုတာကိုမေးတော့
မြတ်စွာဘုရားက အဆင့်မြင့်တဲ့နေနည်းနဲ့နေဖို့ အကြံပေးတယ်နော်။
အဲဒီလိုနေဖို့အတွက် လူဆိုတာက အရည်အချင်းကလိုသေးတယ်နော်။
အလုပ်တာဝန်တစ်ခုကို လုပ်ဖို့အတွက် အရည်အချင်းက အရေးမကြီးဘူးလား။
တာဝန်တစ်ခုကို ထမ်းဆောင်တော့မယ်ဆိုရင် ထိုတာဝန်နဲ့ထိုက်တန်တဲ့ အရည်အချင်းက လိုအပ်တယ်နော်။
အဲဒီလိုပဲ အဆင့်မြင့်မြင့်နေဖို့အတွက်လိုအပ်တဲ့ အရည်အချင်းတွေက ဘာလဲဆိုတော့ … ။
(၁)🍀 သဒ္ဓါ တဲ့။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ ယုံကြည်ချက် ရှိရမယ်။ ယုံကြည်ချက်မရှိလျှင် မအောင်မြင်ဘူးတဲ့။
ယုံကြည်ချက်ရှိမှ အောင်မြင်မှုရရှိမယ်တဲ့။ အဲဒီယုံကြည်ချက်ကို ခိုင်မာလာအောင်လုပ်ရမယ်တဲ့။
ဘယ်အရာမှ သူ့ဟာသူ ဖြစ်လာတာမဟုတ်ဘူး၊ လေ့ကျင့်ယူရမှာပဲ။ လိုအပ်တဲ့ အရည်အသွေးရဖို့ လေ့ကျင့်ယူရမှာ ဖြစ်တယ်။
အားကစားသမားတွေလည်း လေ့ကျင့်ယူရတာပါပဲ။ တောင်တက်သမားတွေဆိုတာလည်း တဖြည်းဖြည်းလေ့ကျင့်ပြီးမှ ရလာတာတွေဖြစ်တယ်။
ကျောင်းသူ ကျောင်းသားတွေလည်း ငယ်ဘဝကတည်းက လေ့ကျင့်ပေးထား ရတာပါပဲ။
လေ့ကျင့်တယ်ဆိုတာ ချက်ချင်းကြီးတော့ ဖြစ်မလာနိုင်ပါဘူး။ ယုံကြည်ချက်ရှိပြီး တဖြည်းဖြည်း လေ့ကျင့်ရတာပါပဲ။
ဒါမှ အောင်မြင်မှုလမ်းစကို လျှောက်လှမ်းနိုင်ကြမယ်။
(၂)🍀 ဝီရိယ-ယုံကြည်ချက်ရှိရုံနဲ၊ မရသေးဘူး၊ ခိုင်မာတဲ့ ဝီရိယကလည်း လိုသေးတယ်နော်။
ဝီရိယမရှိရင်တော့ လောကကြီးမှာ အောင်မြင်မှုကို မရနိုင်ဘူး။
အချင်းချင်း ပြိုင်ဆိုင်နေကြတာလည်း ဝီရိယရှိဖို့ လိုအပ်တယ်။ ဝီရိယကလည်း
အောင်မြင်ခြင်းရဲ့ တစ်စတစ်ဒေသ ပါဝင်တဲ့အချက်ပဲ။
လုံ့လဝီရိယရှိမှ အောင်မြင်မှု ရဲ့ အထက်တန်းကို ရောက်နိုင်မယ်။
(၃)🍀 ကြိုးစားတဲ့အခါမှာလည်း #သတိ ရှိဖို့ လိုအပ်သေးတယ်နော်၊ အရမ်း ကြိုးစားလို့ မရသေးဘူး။
သတိလေးနဲ့ကြိုးစားမှ အောင်မြင်မှုကို ရနိုင်မယ်နော်။ သတိဆိုတာ Mindfulness ပေါ့။
ကိုယ်လုပ်ရမယ့် အလုပ်ပေါ်မှာ သတိလေးရှိပြီး လုပ်ရမှာနော်၊ ဒီလိုဆိုလိုတယ်။
ဒီကနေ့လုပ်တယ်၊ မနက်ဖြန်မှာ လုပ်ချင်မှလုပ်မယ်၊ ဒီလိုမရဘူးနော်။ ဇွဲရှိရမယ်၊ အမြဲကြိုးစားလို့လည်း မရဘူးနော်၊
သတိဆိုတာလည်း လိုအပ်တယ်။
(၄)🍀 သမာဓိ၊ သမာဓိဆိုတာ စိတ်တည်ငြိမ်တာကိုခေါ်တယ်။
လူတစ်ယောက် ဟာ စိတ်မတည်ငြိမ်ဘူး၊ ဂနာမငြိမ်ဘူးဆိုရင်လည်း အောင်မြင်မှုကို မရနိုင်ဘူး။
စိတ်တည်ငြိမ်မှုဟာ အလွန်အရေးကြီးတယ်။ တရားအားထုတ်မှ သမာဓိလိုတာ မဟုတ်ဘူး၊
ဘာအလုပ်လုပ်လုပ် စိတ်တည်ငြိမ်ပြီး သမာဓိရှိရမယ်။ စိတ်တည်ငြိမ်မှု မရှိရင် ဘယ်ကိစ္စမှ အောင်မြင်မှုမရှိဘူး။
သမာဓိဆိုတာ အာရုံတစ်ခုတည်းပေါ်မှာ စိတ်တည်ငြိမ်နေတာမျိုးကိုခေါ်တယ်။
စိတ်ပျံ့လွင့်နေတာမျိုး မဖြစ်စေရဘူး။ စိတ်တည်ငြိမ်ပြီး သမာဓိရှိမှ ကိစ္စတွေအောင်မြင်နိုင်မယ်။ ဒါဟာလိုအပ်တယ်နော်။
(၅)🍀 ပညာ၊ ဒါကတော့ သိပ်အရေးကြီးတယ်၊ ပညာဆိုတာ လုပ်သင့်တာ လား, မလုပ်သင့်ဘူးလား၊
ဒီ ၂-ခုကို ခွဲခြားပြီးတော့ သိရမယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ ခွဲခြားတတ်ရမယ်၊ ပြောသင့်တာလား, မပြောသင့်တာလား၊
စိတ်ကူး သင့်လား, စိတ်မကူးသင့်ဘူးလား ဒါကိုခွဲခြားပြီး အမြဲဆန်းစစ်နေရမယ်။
လုပ်သင့် တာ, မလုပ်သင့်တာကို ခွဲခြားပြီး မသိဘူးဆိုရင်
ဘာတွေဖြစ်မလဲဆိုရင် လုပ်သင့်တာကို မလုပ်ဘဲနေမယ်ဆိုရင် အကျိုးပျက်ပြားသွားမယ်၊
လောကမှာ လုပ်သင့်တာ လည်းရှိတယ်, မလုပ်သင့်တာလည်း ရှိတယ်။
လူတွေ ပြောပြောနေကြတာရှိတယ်။ ဒီကောင် မလုပ်သင့်တာကို လုပ်မိလို့ ဒုက္ခရောက်တယ်လို့ ပြောကြတယ်။
လုပ်သင့်တာကို မလုပ်ရင်လည်း ဒုက္ခရောက် တတ်တယ်နော်။
ဒီတော့ လုပ်သင့်တာကိုလုပ်ရမယ်, မလုပ်သင့်တာကို ရှောင်ကြဉ်ရမယ်နော်။
အဲ့ဒါမှ အကျိုးစီးပွားတွေတိုးတက်လာမယ်။ ပညာကတော့ အဆင့်အဆင့် အကျိုးစီးပွားတွေ မြင့်မားလာစေတယ်နော်။
ပေါင်းလိုက်တော့ ဒီအရည်အသွေး ၅-ရပ်ကို မိမိသန္တာန်မှာ ရှိစေရမယ်။
🙏ပါမောက္ခချုပ်ဆရာတော်ကြီး🙏