အစ္စရေးလုပ်ရပ်တွေ မရပ်တန့်ဘူးဆိုရင် အခြေအနေတွေ ထိန်းမနိုင်၊ သိမ်းမရဖြစ်သွားမယ်လို့ အီရန်ပြော

အကယ်၍ အစ္စရေးအနေနဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ မရပ်တန့်ဘူးဆိုရင် အခြေအနေတွေဟာ ထိန်းချုပ်လို့မရအောင် ဖြစ်သွားမယ်ဆိုပြီး အီရန်အစိုးရက အောက်တိုဘာ ၁၄ ရက်မှာ လူမှုကွန်ရက်မီဒီယာမှာ ပို့စ်တစ်ခုလွှင့်တင်ရင်း သတိပေးခဲ့ပါတယ်။

ဟားမာ့စ်တပ်ဖွဲ့ဝင်တွေ လှုပ်ရှားနေတဲ့ ဂါဇာကမ်းမြောင်ကို မြေပြင်ထိုးစစ် စတင်တော့မယ်လို့ အစ္စရေးက ကြေညာပြီးနောက် အထက်ပါအတိုင်း အီရန်ရဲ့သတိပေးချက်က လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ X မှာ ထွက်ပေါ်လာခဲ့တာပါ။

“အကယ်၍ အစ္စရေးရဲ့ အသားအရောင်ခွဲခြားတဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ချက်ချင်းမရပ်တန့်ဘူးဆိုရင် အခြေအနေဟာ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ကျယ်ပြန့်တဲ့အကျိုးဆက်တွေ ရှိလာမှာဖြစ်ကြောင်း၊ ဒါတွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေရဲ့တာဝန်ပဲ ဖြစ်လိမ့်မယ်ဆိုရမှာဖြစ်ကြောင်း” အီရန်အစိုးရရဲ့ ကုလသမဂ္ဂမစ်ရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အီရန်ကျောထောက်နောက်ခံပြု ဟားမာ့စ်အဖွဲ့ကို မြေပြင်ထိုးစစ်ဆင်ရန်အတွက် အောက်တိုဘာ ၁၄ ရက်မှာ အစ္စရေးက ပြင်ဆင်ခဲ့ရာ လူနေထူထပ်တဲ့အဲဒီနယ်မြေမှာ ရှိနေတဲ့ ပါလက်စတိုင်းလူမျိုးတွေကို အီဂျစ်နိုင်ငံဘက်ခြမ်းနဲ့ ဂါဇာတောင်ပိုင်းသို့ တိမ်းရှောင်ကြဖို့ အမိန့်ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်က ပါလက်စတိုင်း အစ္စလာမ္မစ်အုပ်စုဖြစ်တဲ့ ဟားမာ့စ်တွေရဲ့ အလစ်အငိုက်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေဖြင့် အပြည့်အဝ ချေမှုန်းသွားမယ်ဆိုပြီး အစ္စရေးက ကြုံးဝါးထားပါတယ်။

ဟားမာ့စ်တွေဟာ အစ္စရေးမြို့တွေကို အလစ်အငိုက် စီးနင်းတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၃၀၀ သေဆုံးပြီး ဂျူးလူမျိုးဓားစာခံအများအပြား ဖမ်းဆီးခံခဲ့ရတာကြောင့် အစ္စရေးသမိုင်းမှာ အရပ်သားတွေ အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နောက်ပိုင်း လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဂျက်တိုက်လေယာဉ်တွေနဲ့ အမြောက်တပ်တွေဟာ ဂါဇာကမ်းမြောင်ဒေသမှာ အရင်ထက် အပြင်းထန်ဆုံးသော ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့တာကြောင့် ပါလက်စတိုင်း ၂ ဒသမ ၃ သန်းနေထိုင်ရာ နယ်မြေမှာ သိမ်းပိုက်ခံထားရသလို လူပေါင်း ၂၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂါဇာဒေသရှိ ပါလက်စတိုင်းအာဏာပိုင်တွေက ပြောကြပါတယ်။