မန္တလေးအိမ်ခြံမြေဈေးကွက် အွန်လိုင်းမှတဆင့် အငှားပြန်သွက်လာ

အောက်တိုဘာလအတွင်း မန္တလေးအိမ်ခြံမြေဈေးကွက်မှာ အွန်လိုင်းမှ အရောင်းအဝယ်ပြုလုပ်လာတာကြောင့် အရောင်းအဝယ်နဲ့ ငှားရမ်းမှု ပြန်မြင့်တက်လာတယ်လို့ အိမ်ခြံမြေဈေးကွက်မှ သိရပါတယ်။

လက်ရှိ အရောင်းအဝယ်ပိုင်းထက် အငှားဈေးကွက် ပြန်သွက်နေတာဖြစ်ပြီး လူနေထိုင်လို့ရသလို ဆိုင်ခန်းပါဖွင့်နိုင်တဲ့ အဓိကလမ်းမကြီးပေါ်က အဆောက်အအုံနေရာတွေ၊ ဈေး ကျောင်းနီးတဲ့နေရာတွေ အငှားပိုလိုက်တယ်လို့ သိရပါတယ်။

“အကျိုးဆောင်တော်တော်များများက အွန်လိုင်းတင်ပြီး အလုပ်လုပ်ကြတာများတော့ အရောင်းအဝယ်ပြန်ဖြစ်လာတယ်ပြောရမယ်။ ဒါပေမယ့် အရင်လို ခေါ်ဈေးအတိုင်းရနေတာမဟုတ်ဘူး။ ဈေးကွက်တစ်ခုလုံးအနေနဲ့ကတော့ အရောင်းအဝယ်အေးနေဆဲပဲ”လို့ မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောပါတယ်။

အငှားဈေးကွက်မှာတော့ တစ်လကို ကျပ် ခုနှစ်သောင်းမှ ငါးသိန်းခန့်ထိရှိနေပြီး တစ်သိန်းခွဲဈေးတန်းရှိတဲ့ အိမ်ခန်းတွေက ငှားရမ်းမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

အငှားနေထိုင်ကြသူတွေအနေနဲ့ မြို့တွင်းပိုင်း ၇၃ လမ်းမတန်း၊ ဆေးတက္ကသိုလ်အနီးဝန်းကျင်ရပ်ကွက်တွေ၊ မင်္ဂလာမန္တလေးအနီး၊ ၆၂ လမ်းမတန်း၊ ၃၅ လမ်းမတန်း၊ လမ်း ၃၀၊ ဘူတာကြီးအနီးတိုက်ခန်းတွေ အငှားများတယ်လို့ သိရပါတယ်။