အစိမ်းရောင် မပြယ်လွင့်ကုန်သော

***

အပိုင်း(၇)

‘‘တီ… တီ… တီတလီတီ… တီ’’

ပထမအကြတ်နေ့မနက် ဘုရားရှိခိုးပြီး တရားစာအုပ်ဖတ်နေစဉ် ဦးဇင်းဆွေလင်းအောင် လက်ကိုင်ဖုန်းကမြည်လာသည်။ ကြည့်လိုက်တော့ တပ်မရှိ စစ်ဦးစီးမှူး(တတိယတန်း)ဖြစ်သူ ဗိုလ်ကြီးသိန်းမင်းလှိုင်ဆီက အဝင်ဖုန်းဖြစ်သည်။

‘‘ဟယ်လို…’’

‘‘ဟယ်လိုလုပ်မနေနဲ့၊ ငါပို့ခိုင်းထားတဲ့ နစသတွေ၊ ပြန်တမ်းတွေဘယ်မှာလဲ၊ သင်္ကြန်မတိုင်ခင်ကတည်းက မင်းကိုပို့ခိုင်းထားတာ ဘယ်လောက်ကြာပြီလဲ…”

ဦးဇင်းဆွေလင်းအောင်က ‘‘ဟယ်လို’’ ဟုပြန်ထူးရုံရှိသေး ဗိုလ်ကြီးသိန်းမင်းလှိုင်က စဖြဲတော့၏။ အရင်ကဆို အဲဒီလို ဖုန်းထဲကနေအဖြဲခံလိုက်ရရင်တောင် မတ်တပ်ရပ်သတိဆွဲကာ တဟုတ်ကဲ့တည်း ဟုတ်ကဲ့လုပ်နေရသည့် ဦးဇင်းဆွေလင်းအောင်မှာ ယခုထိုသို့မဟုတ်တော့။ တရားထူးတရားမြတ်ရနေသော ရဟန်းတော်ကြီးပမာဖြင့် အေးဆေးတည်ငြိမ်စွာ ပြုံး၍ပြန်ပြော၏။

‘‘ဒကာကြီး… ’’

‘‘ဘာ ဒကာကြီးလဲ… ငါ့ကို ကြောင်တောင်တောင်တွေလာပြောမနေနဲ့၊ ငါပိုခိုင်းတာတွေ ခုချက်ချင်းပို့ ကြားလား’’

ဗိုလ်ကြီးသိန်းမင်းလှိုင်ကား ဘယ်လောက်စိတ်တိုနေသည်မသိ။ ပြောစကားပင် နားမထောင်နိုင်ဘဲ သူလိုချင်တာကိုသာ စွတ်ပို့ခိုင်းနေတော့သည်။ ဦးဇင်းဆွေလင်းအောင်က အေးဆေးစွာဖြင့် ထပ်ပြောပြန်သည်။

‘‘စိတ်လျှော့ပါဒကာကြီး၊ ဒေါသဆိုတာ လူကိုပူလောင်စေသလို အမှားလဲတွေ့စေနိုင်ပါတယ်၊ ဒေါသကိုရှေ့ထားရင် မှားတတ်ပါတယ် ဒကာကြီး၊ ဦးဇင်းက အခု အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ ဒုလ္လဘဝတ်နေတာပါ၊ ဦးဇင်းအလုပ်တွေကိုတော့ ဗိုလ်ကြီးငြိမ်းမင်းကိုဆီ လွှဲခဲ့ပါတယ်၊ ဒကာကြီးလိုချင်တာရှိရင် သူ့ဆီတောင်းလိုက်ပါ’’

‘‘ဟာ… ဒီကောင်… အာ… တကယ်ဘုန်းကြီးဝတ်နေတာလား’’

‘‘မာလာတယောပါ ဒကာကြီး’’

ဗိုလ်ကြီးသိန်းမင်းလှိုင်မှာ သူ့နားသူမယုံ၍ထင်သည်။ နောက်တစ်ကြိမ်ထပ်မေးပြန်သည်။

‘‘တကယ် ဘုန်းကြီးဝတ်နေတာ သေချာတယ်နော် ဆွေ… အဲ… ဦးဇင်း’’

“တကယ်ပါဒကာကြီး၊ မယုံရင် အောင်မင်္ဂလာဘုန်းကြီးကျောင်းကို ဆွမ်းလာကပ်နိုင်ပါတယ်’’

‘‘အမလေး… အေးဆေးတည်ငြိမ်နေလိုက်တာနော်၊ ကောင်းပြီ ကောင်းပြီ တပည့်တော် ငြိမ်းမင်းကိုဆီ ဆက်လိုက်ပါမယ်’’

ဗိုလ်ကြီးသိန်းမင်းလှိုင်ကား အောင့်သက်သက်ဖြင့် ဖုန်းချသွားရတော့သည်။ ဦးဇင်းဆွေလင်းအောင်ကား လောကကြီးအပေါ် အောင်နိုင်သူတစ်ဦးအလား ကျေနပ်စွာပြုံးရင်း-

‘‘အရသာရှိလိုက်တာနော်… ဟီဟိ…’’ ဟုပင် နှုတ်ကထွက်သွားသေးတော့၏။

သိုသော် ဖုန်းချခါနီး ဗိုလ်ကြီးသိန်းမင်းလှိုင်၏ ‘‘လူထွက်လာမှ တွေ့ကြသေးတာပေါ့ကွာ’’ ဟူသော စကားသံကိုကား ဦးဇင်းဆွေလင်းအောင်တစ်ပါး လုံးဝမကြားလိုက်ခဲ့။
နေဇင်(ပေါက်ခေါင်း)

wutthto