အချစ်တတ်ဆုံး မိဘ

တောင်းစုတ်ပလုံးစုတ်ကိုသာ ပစ်ရိုး ထုံးစံရှိတယ်။ သားဆိုး သမီးဆိုးကို ပစ်ရိုး ထုံးစံမရှိဘူးတဲ့။
ဟုတ်ပါသလား။
ငါ့သားကြီး ဆိုးလိုက်တာ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်တော့ မထားလောက်ပါဘူး။
ပြောမရလို့ လွှတ်ထားတာပဲ ရှိမှာပါ။ လောကမှာ စိုးရိမ်တတ်ဆုံး ပူပန်တတ်ဆုံးက အဖေနဲ့အမေပါပဲ။
ဘာလို့ စိုးရိမ်တာလဲ ချစ်လို့ စိုးရိမ်တာပေါ့။
တစ်ယောက်နဲ့တစ်ယောက် အခြေအနေက မတူကြဘူးလေ။
အဖေ အမေ ရှိတဲ့သူ မရှိတဲ့သူတွေနဲ့ ခံစားချက် မျိုးစုံရှိမှာပဲလေ။ တစ်ချို့လည်း မိဘမေတ္တာကို ရကြမှာပဲ။
မိဘမေတ္တာကို မရတဲ့သူတွေလည်း အများကြီးပဲလေ။
သေချာတာတစ်ခုကတော့ ကိုယ့်ကို အချစ်ဆုံးက ဘယ်သူလဲလို့ မေးရင် အဖေနဲ့ အမေပါပဲ။
အဖေနဲ့အမေ ကိုယ့်ကိုဘယ်လောက်ချစ်လဲမေးရင် ကိုယ်မမွေးခင် အဖြူလား အမဲလား မသိတဲ့ အချိန်ကစလို့
ဒီနေ့ထိ ချစ်နေတာ အဖေနဲ့အမေပါပဲ။ သူများတွေ ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့လို့
ပြောတဲ့သူတွေက တကယ်အရေးကြုံလာရင် အဖေနဲ့အမေ လောက်တော့ အားမကိုးရပါဘူး။
သူများတွေရဲ့ အချစ်က ရေပေါ်မှာ အရုပ်ရေးသလို အပေါ်ယံဖြစ်ချင် ဖြစ်မယ်။ အဖေနဲ့အမေ ရဲ့ ချစ်ခြင်းမေတ္တာ က အပေါ်ယံမဟုတ်ဘူး။
သူများတွေ ချစ်တယ်ဆိုတာ ပူလောင်မှုတွေ ပေးနေလိမ့်မယ်။ အဖေနဲ့အမေရဲ့ အချစ်က အေးမြခြင်းကို ပေးစေပါတယ်။
သူများတွေ ဘယ်လောက် ချစ်တယ်ပဲ ပြောပြော အဖေနဲ့အမေရဲ့ ချစ်ခြင်းမေတ္တာလောက်တော့ ကြီးကျယ် မခမ်းနားလောက်ပါဘူး။
အဖေနဲ့အမေရဲ့ ချစ်ခြင်းမေတ္တာက ဘယ်လောက်ထိ အေးမြသလဲဆိုရင်
သဲကန္တာရထဲမှာ ခရီးသွားနေတဲ့ သူတစ်ယောက် ရေဆာလို့ ရေတောင်းသောက်တဲ့အခါ
အဖေနဲ့အမေဟာ ရေပေးသူနဲ့ တူပါတယ်။ တစ်ချို့သားသမီးတွေက ခလုတ်ထိမှ အမိတ ဆိုသလို ဒုက္ခရောက်မှ မိဘစီ ရောက်လာတတ်ပါတယ်။
ဒုက္ခရောက်နေတဲ့ သားသမီးကို ဘယ်မိဘကမှ မောင်းမထုတ်ပါဘူး။ ကြည်ဖြူစွာနဲ့ လက်ခံစမြဲပါပဲ။
အဖေနဲ့အမေရဲ့ချစ်ခြင်းမေတ္တာ ဘယ်လောက်ကြီးမားတယ်ဆိုတာ သားသမီးတွေ သိသင့်ပါတယ်။
ကျေးဇူးမဆပ်ရင်နေပါစေ။ ကျေးဇူးမကန်းမိပါစေနဲ့။
ဒါကြောင့်လည်း ရန်သူမျိုး ငါးပါးထဲမှာ သားဆိုး သမီဆိုးပါနေတာပါ။
တစ်ချို့သားသမီးတွေက မွေးရကျိုး မနပ်ပါဘူး။ ကျေးဇူးဆပ်ဖို့ အသာထားပါအုံး။ မိဘကို ဒုက္ခပေးဖို့ မွေးဖွားလာတဲ့ ဂြိုလ်သားလို့တောင် မှတ်ထင်ရပါတယ်။
သားဆိုး သမီးဆိုးမှ ရှိတာမဟုတ်ပါဘူး။ မိဘဆိုးတွေလည်း အနည်းအကျဉ်းတော့ ရှိပါတယ်။
ဒါကြောင့်လဲ မိဘမဲ့ဂေဟာတွေ အများကြီးဖြစ်နေရတာပါ။ သူ့အကြောင်းနဲ့သူတော့ ရှိကြမှာပါ။ အပြစ်ရယ်လို့တော့ မပြောလိုတော့ပါဘူး။
မိဘကျင့်ဝတ် သားသမီးကျင့်ဝတ်ဆိုတာ အလကားထားတာမဟုတ်ပါဘူး။
အကြောင်းအမျိုးမျိုးကြောင့် မိဘနဲ့ သားသမီးကြားမှာ
အဆင်မပြေမှု နားလည်မှုကွဲလွဲကြတာပါ။ ကိုယ့်သိထားရမှာ ကိုယ့်ကို အချစ်ဆုံးက အဖေနဲ့အမေ ဆိုတာပါပဲ။
ကိုယ့်ကို အချစ်တတ်ဆုံး အဖေနဲ့အမေကို မပစ်မှားပါနဲ့ မစော်ကားဘူးပါနဲ့။ မိဘကို ဘုရားတစ်ဆူလို ကိုးကွယ်ဆည်းကပ်သင့်ပါတယ်။
လောကမှာ ကိုယ့်ကိုအချစ်တတ်ဆုံးက အဖေနဲ့အမေဆိုတာ သိရင် ကျေနပ်ပါပြီနော်။