ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့ကပ်ရောဂါအဆင့်မှ ဒေသန္တရကပ်ရောဂါအဆင့်သို့ ပြောင်းလဲနေပြီလော

covid 19

အမေရိကန်ပြည်ထောင်စုတွင် သုံးနှစ်နီးပါးကြာမျှ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဒဏ်ကို အလူးအလဲခံစားခဲ့ရပြီးနောက် ယခုအခါ၎င်းရောဂါသည် ကမ္ဘာ့ကပ်ရောဂါ အဆင့်မှ လျော့ကျသွားပြီဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက် နေ့တွင် ပြောကြားခဲ့ကြောင်းသိရပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ကလည်း ကိုဗစ်-၁၉ရောဂါသည် ကမ္ဘာ့ကပ်ရောဂါအဆင့်မှ လျော့ကျသွားပြီဟု မပြောနိုင်သေးသော်လည်း ထိုသို့လျော့ကျတော့မည့် အလားအလာများ တွေ့မြင်နေရပြီဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။  ၂၀၂၀ မတ် ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအား ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေငြာခဲ့ပါသည်။ ကူးစက်ရောဂါတစ်မျိုးသည် နိုင်ငံတကာ နယ်နိမိတ်များကို ဖြတ်ကျော်ကူးစက်မှု များဖြစ်ပွားကာ တစ်ကမ္ဘာလုံးအနှံ့ ဖြစ်ပွားပါက ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခေါ်ဝေါ်လေ့ရှိပါသည်။

ကမ္ဘာ့ကပ်ရောဂါများသည် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ဖြစ်ပေါ်စေရခြင်းမှာ ရောဂါပြင်းထန်ကာ ဆေးရုံတက်ကုသမှုခံယူရနှုန်း မြင့်မားခြင်း ကြောင့် အချိန်တိုအတွင်း ဆေးရုံဆေးခန်းများ ပြည့်လျှံသွားနိုင်ကာ ဆေးရုံတင်ကုသမှု ခံယူနိုင်ခြင်းမရှိသဖြင့် သေဆုံးမှုနှုန်းများ မြင့်တက်လာခြင်း၊ ဒုတိယအချက်အနေဖြင့် ကပ်ရောဂါကိုယ်၌က ပြင်းထန်သဖြင့်ဆေးမတိုးဘဲ သေဆုံးနှုန်းမြင့်တက်စေခြင်း တို့ ကြောင့်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမှာ ကူးစက်မှုနှုန်းမြန်ဆန်ကာ ဆေးရုံတင် ကုသရမှုနှုန်းလည်း မြင့်မားစေသည့်အပြင် ရောဂါပြင်းထန်မှုကြောင့် သေဆုံးမှုနှုန်း လည်း မြင့်မားစေသည်ကို ပြီးခဲ့သည့် ကပ်ရောဂါလှိုင်းကာလများတွင် တွေ့မြင်နိုင်ပါသည်။

ကပ်ရောဂါဘယ်လိုအဆုံးသတ်မလဲ

နည်းလမ်းနှစ်ခုရှိပါသည်-

-ပထမတစ်ခုမှာ ကပ်ရောဂါဖြစ်စေသည့်ပိုးကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ပိုးသည် ရှာဖွေရန်နှင့် ထိန်းချုပ်ကုသရန်လွယ်ကူလာခြင်းဖြစ်သည်။

-ဒုတိယနည်းလမ်းမှာ ရောဂါပိုးကို လူများက ယဉ်ပါးလာကြခြင်းဖြစ်သည်။ မျိုးဗီဇဆင့်ကဲပြောင်းလဲမှုများ ဖြစ်လာသောအခါ ရောဂါ လက္ခဏာ ပြင်းထန်မှု လျော့ကျခြင်း၊ ဆေးရုံတက်ရောက်ကုသရမှု လျော့ကျလာခြင်းတို့ ဖြစ်လာခြင်းဖြစ်သည်။

ယခုအချိန် တွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ဒုတိယ လမ်းကြောင်းသို့ ရွေ့လျားနေပုံရပါသည်။ ၎င်းသည် ကမ္ဘာ့ကပ်ရောဂါမှ ဒေသန္တရကပ်ရောဂါ အဖြစ်သို့ ကူးပြောင်းနေသည်။

ဤအကူးအပြောင်းသည် ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် အိုမီခရွန် မျိုးကွဲထွက် ပေါ်လာပြီးသည့်နောက်ပိုင်း စတင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအခြေအနေ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ကပ်ရောဂါသည် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် ပြင်းထန်မှုမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ်တွင်လည်း များစွာသက်ရောက်မှု မရှိခဲ့ပါ။ ထို့နည်းတူ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများမှာလည်း အထိုက်အလျောက် သာရှိခဲ့ပါသည်။

တတိယလှိုင်းကာလတွင်မူ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် ဒယ်လ်တာမျိုးကွဲသစ်ဖြစ်လာသည့်နည်းတူ ကူးစက်မှုနှုန်းကော ရောဂါပြင်းထန်မှုပါ ပိုမိုဆိုးရွားလာသဖြင့် ဆေးရုံ၊ဆေးခန်းများ မနိုင်မနင်းဖြစ်ကာ သေဆုံးမှုများလည်း များပြားလာခဲ့ပါသည်။ သို့သော် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အိုမီခရွန်ကြောင့်ဖြစ်သော စတုတ္ထလှိုင်းကာလတွင် ကူးစက်မှုများကို တည်ငြိမ်စွာ ကျော်ဖြတ်နိုင် ခဲ့သည်။

ထိုသို့ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပြီးစီးမှု ရာခိုင်နှုန်းများခြင်း၊ ယခင်ကိုဗစ်လှိုင်းများတွင် ကူးစက်ခံရသူများပြားခဲ့သောကြောင့် ကိုယ်ခံစွမ်းအားများအထိုက်အလျောက် ရှိနေခြင်းတို့ကြောင့် ဖြစ်ပါသည်။

လက်ရှိအချိန်တွင် BA.5 မျိုးကွဲကူးစက်မှုများ နေ့စဉ်နှင့်အမျှ ရှိနေသေးသော်လည်း တစ်ပြည်လုံးအတိုင်းအတာကူးစက်မှုများမှာ မြင့်တက်လာခြင်းမရှိသည့်အပြင်သေဆုံးမှုနှင့် ရောဂါပြင်းထန်မှုများ အလွန်နည်းပါး ကြောင်း တွေ့ရှိရသည်။

ဤရလဒ်မှာ ပြည်သူများ အနေဖြင့် အိုမီခရွန်နှင့် ဒယ်လ်တာ မျိုးကွဲများအတွက် သိသာထင်ရှားသော Hybrid Immunity ခံနိုင်ရည်ရှိလာခြင်းနှင့် အထူးသဖြင့် လူနေထူထပ်သော မြို့ပြဒေသများတွင် ကာကွယ်ဆေးထိုးနှံ ပြီးသူလူဦးရေမြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်းတွေ့ရှိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် Omicron မျိုးကွဲစိတ်များ(Subvariants) ကူးစက်မှု ကြောင့်ဖြစ်သောကိုဗစ်လှိုင်းသည် ယခင်ကိုဗစ်လှိုင်းများလောက်ဆိုးရွား ပြင်းထန်ခြင်း မရှိသည်ကို တွေ့ရခြင်းဖြစ်သည်။

အရေးကြီးဆုံးသည် အားဖြည့်ကာကွယ်ဆေးများထိုးနှံခြင်း

ဤအခြေအနေကို ထောက်ရှုခြင်းအားဖြင့် မျိုးစပ်ကိုယ်ခံစွမ်းအားကို သက်တမ်းရှည်ကြာ စေရန်အတွက် ကာကွယ်ဆေးထိုးနှံမှုနှင့် Booster ထိုးနှံမှုများကို အရှိန်တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ပါသည်။

ပြီးခဲ့သော လပိုင်းအတွင်း ရောဂါကူးစက်မှုများ အနည်းငယ် ပြန်လည်မြင့်တက်လာခြင်းသည် လူဦးရေအတွင်း အဆိုပါ Hybrid Immunity စွမ်းအား ကျဆင်းလာမှုကို ညွှန်းပြနေပါသည်။ သို့သော်လည်း စိုးရိမ်ဖွယ် အခြေအနေအထိ ကျဆင်းလာခြင်းမျိုး မဟုတ်ပါ။

ဆိုလိုသည်မှာ ပဋိပစ္စည်း (Antibodies)သည် လူ့ခန္ဓာကိုယ်တွင် အချိန်ကာလတစ်ခု၌ လျော့နည်း သွားကာ ကူးစက်မှုကို မခုခံ မကာကွယ်နိုင် သော်လည်း အဆိုပါပဋိပစ္စည်းထုတ်လုပ်ပေးနိုင်သည့် ဆဲလ်များကမူ ဗိုင်းရပ်စ်ပိုးအား မှတ်သားထားပြီးဖြစ်သောကြောင့် ပိုးဝင်လာပါက ပဋိပစ္စည်းများကို ချက်ချင်း ထုတ်လုပ်နိုင်စွမ်းရှိပါသည်။

အဆိုပါ ဆဲလ်များ၏ သက်တမ်းသည်ရှည်သဖြင့် အချိန်ကာလ ပိုမိုကြာရှည်စွာ ခုခံစွမ်းအား စနစ်ကို ပံ့ပိုးနိုင်မည်ဖြစ်ပါသည်။

ယခုအချိန်တွင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် ဒေသန္တရရောဂါအဆင့်သို့ ကျဆင်းသွားမည်ဆိုသော်လည်း ပြင်ဆင်မှုများ ဆက်လက် ဆောင်ရွက်နေရဦးမည် ဖြစ်သည်။

ထို့ကြောင့် ကျန်းမာရေး ဝန်ထမ်းများအား လေ့ကျင့်ပေးရန်လိုအပ်ပါသည်။ တစ်ပြိုင်နက်တည်း မှာပါ  ကျန်းမာရေးဝန်ထမ်းများသည်လည်း လူသားများဖြစ်သည့်အတွက် အိုမီခရွန် ရောဂါကူးစက်မှုဒဏ်ခံနိုင်ရန် ကြိုးပမ်းနေကြဆဲဖြစ်သည်။ ပြည်သူများ ကူးစက်ခံ ရပါက နေအိမ်တွင်သာ ကုသနိုင်ရန် အိမ်သုံးဆေးဝါးများကို ဈေးကွက်အတွင်း အလျင်မီအောင် ဖြည့်ဆည်းထားရှိပေးရန် လိုအပ်မည်ဖြစ်ပါသည်။

အလားတူပင် ရောဂါကူးစက်ခံ ရပြီးနောက် ရေရှည်တွင် နောက်ဆက်တွဲ ဖြစ်ပွားလာနိုင်သည့် ရောဂါများကို ကောင်းမွန်စွာ ကုသပေးနိုင်ရန်အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်း များနှင့် ဆေးရုံ၊ဆေးခန်းများ အနေဖြင့် အဆင်သင့်ပြင် ထားရမည် ဖြစ်ပါသည်။

ဒေသန္တရကပ်ရောဂါအဆင့်ရောက်ပြီလား

လက်ရှိအခြေအနေတွင် အများစု မေးမြန်းလေ့ရှိသည့် မေးခွန်းမှာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါသည် မည်သည့်အချိန်တွင် ဒေသန္တရကပ်ရောဂါ အဆင့်သို့ ရောက်ရှိ မည်လဲ ဆိုသည့်အချက်ပင်ဖြစ်သည်။

ထိုမေးခွန်းအတွက် အဖြေမှာ ကူးစက်ခံရမှု ကိန်းဂဏန်း အတက်အကျနှင့် သက်ဆိုင်ခြင်းရှိမည်မဟုတ်ပါ။  ကိုဗစ်-၁၉ သည် နိုင်ငံများ၏ ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံများကို ခြိမ်းခြောက်နိုင်သည့်အနေအထား မရှိတော့ဘူးဆိုလျှင် ဒေသန္တရကပ်ရောဂါအဆင့် ဖြစ်ပြီဟု ဆိုနိုင်မည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ သည် လူဦးရေအများအပြားကို ကူးစက်လျက်ရှိပြီး သေဆုံးမှုများလည်း ရှိနေဆဲဖြစ်သည်။ သို့သော် ကူးစက်ခံရသူ အများစုမှာ အသက်ရှင် ကျန်ရစ်ပြီး အများစုမှာ နေအိမ်တွင်ကုသခြင်းဖြင့် ပြန်လည် ကောင်းမွန်လာပါက ကပ်ရောဂါ၏ ဗဟိုချက် ဖြစ်သော ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ်သို့ ရောက်ရှိမည် မဟုတ်တော့ပါ။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုသည် မိမိတို့လူသားများအတွက် အတွေ့အကြုံကောင်းများကို ရရှိစေခဲ့ပါသည်။

လက်ရှိ အခြေအနေတွင် မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကို ကြောက်ရွံ့နေရန် မလိုအပ်တောပါ။

ကိုဗစ်-၁၉ သည် အိုမီခရွန်မျိုးကွဲ ထွက်ပေါ်လာချိန်မှစ၍ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အဆင့်မှ ဒေသန္တရကပ်ရောဂါအဆင့်သို့ တဖြေးဖြေး ကူးပြောင်းနေပြီ ဖြစ်သည့် အတွက် မိမိတို့အနေဖြင့် ထိုကူးပြောင်းမှုကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့် အရှိန်မြှင့်စက် တပ်ပေးရန်သာ လိုအပ်မည်ဖြစ်ပါတော့သည်။

crd ; ကိုဇေ

covid 19
covid 19