သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်ကြမလဲ

လောကမှာ တစ်ခါဆုံးရှုံးလိုက်တာနဲ့ နောက်တစ်ခေါက် အစားပြန်မရနိုင်တော့အရာတွေထဲမှာ ကျွန်မတို့ရဲ့ သွားတွေလည်း ပါဝင်ပါတယ်။ ကျွန်မတို့ရဲ့ တစ်နေ့တာမှာ အစားအစာတွေ ဝါးချေနိုင်ဖို့ ပီပြင်စွာ စကားပြောနိုင်ဖို့ နဲ့ လှပစွာပြုံးရယ်နိုင်ဖို့ သဘာဝတရားကြီးဆီကနေ သွားတွေကို လက်ဆောင်ရထားကြပါတယ်။

ဒီသဘာဝရဲ့ လက်ဆောင်ကို သင့်အနေနဲ့ သေချာ မထိန်းသိမ်းခဲ့ရင် နောက်ပိုင်းမှာ သွားကိုက်ခြင်းဝေဒနာ၊ သွားဖုံးရောင်ခြင်းတွေ ဖြစ်လာပြီး နောက်ဆုံးမှာ သွားတွေကို ဆုံးရှုံးလိုက်ရမှာပါ။

အဲ့ဒီအချိန်ကျမှ သွားတစ်ချောင်းရဲ့ တန်ဖိုးကို သိတာထက် မဆုံးရှုံးရခင် တန်ဖိုးထား ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာသန့်ရှင်းဖို့ ဂရုစိုက်လုပ်ဆောင်ရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တစ်နေ့ကို ၂ ကြိမ် ပုံမှန် သွားတိုက်ပေးပါ။ မနက်စာစားပြီး ၁ ကြိမ် ၊ ညအိပ်ခါနီး တစ်ကြိမ် သွားတိုက်ပေးပါ။ သွားရဲ့ အရင်း သွားဖုံးနေရာကနေ သွားတိုက်တံကို ၄၅ ဒီဂရီ စောင်းပြီး အထက်အောက် ညင်သာစွာ တိုက်ပါ။

သွားရဲ့ အပြင် မျက်နှာပြင်၊ အတွင်းမျက်နှာပြင် ၊ အစာဝါးချေသည့်မျက်နှာပြင် အနှံအပြား တိုက်ပေးပါ။ သွားတစ်ခါတိုက်လျှင် ၂ မိနစ်ပြည့်အောင်တိုက်ပါ။ သွားအပြင် လျှာကိုပါ ပွတ်တိုက်သန့်ရှင်းပေးဖို့ လိုပါတယ်။

၂။ Fluoride ပမာဏမှန်ကန်စွာ ပါတဲ့ သွားတိုက်ဆေးကို အသုံးပြုပါ။ စျေးကွက်ထဲမှာ အမှတ်တံဆိပ်မျိုးစုံ အရောင်အသွေးမျိုးစုံ နဲ့ ရွေးချယ်စရာ သွားတိုက်ဆေးတွေ အများကြီးရှိပါတယ်။ အဓိက အရေးကြီးတာက fluoride ပမာဏ 1000 ppm ကနေ 1500 ppm ပါဝင်တဲ့ သွားတိုက်ဆေးဖြစ်ဖို့လိုပါတယ်။

ကလေးတွေအတွက်ဆိုရင် fluoride 600ppm ထက်မများတဲ့ ကလေးသွားတိုက်ဆေးကို ရွေးချယ်အသုံးပြုပါ။ သွားဖြူစေသော သွားတိုက်ဆေး (whitening toothpaste) ၊ သွားကျဉ် သက်သာစေသော သွားတိုက်ဆေး (Desensitizing toothpaste) စသည်ဖြင့် အထူးထုတ်ထားသော သွားတိုက်ဆေးများလည်း ရှိသည့်အတွက် ကိုယ်နဲ့သင့်လျော်မယ့် သွားတိုက်ဆေးကို ရွေးချယ်အသုံးပြုပါ။

၃။ ကောင်းမွန်သင့်တော်တဲ့ သွားတိုက်တံ ကိုရွေးချယ်ပါ။ နူးညံ့ပျော့ပျောင်းတဲ့ အမျှင်လေးတွေပါဝင်တဲ့ သွားတိုက်တံကို အသုံးပြုပါ။ သွားမျက်နှာပြင်အကုန်လုံးကို ရောက်ရှိနိုင်မယ့် သွားတိုက်တံအရွယ်အစားကို ရွေးဝယ်ပါ။

မိမိအသုံးပြုနေသော သွားတိုက်တံကို သန့်ရှင်းစွာ ထားပါ။ သွားတိုက်တံ ကို သုံးလ တစ်ကြိမ် အသစ်လဲပါ။

ဆက်လက်ဖတ်ရှုမည်။

၄။ သွားပွတ်ကြိုး (dental floss) သုံးပါ။ သွားနှစ်ချောင်းကြား နေရာတွေကို သန့်ရှင်းဖို့ သွားတိုက်ရုံနဲ့ မလုံလောက်ပါဘူး။ တစ်နေ့တာ စားထားတဲ့အစာတွေဟာ သွားနှစ်ချောင်းကြားမှာ ညှပ်ကျန်နေခဲ့ပြီး အချိန်ကြာလာရင် သွားပိုးစားခြင်းအပြင် သွားဖုံးရောဂါပါ ဖြစ်စေနိုင်ပါတယ်။ သွားကြားထဲက အစာအကြွင်းအကျန်တွေက ခံတွင်းနံ့ ကိုလည်း ဆိုးဝါးစေပါတယ်။

သွားကြားထိုးတံ အသုံးပြုခြင်းဟာ သွားဖုံးသားကိုနိမ့်စေပြီး သွားကျဲခြင်းကိုဖြစ်စေတတ်လို့ သွားပွတ်ကြိုးကိုပဲ အသုံးပြုပေးသင့်ပါတယ်။ တစ်နေ့ကို တစ်ကြိမ် သွားပွတ်ကြိုး ကိုအသုံးပြု၍ သွားတစ်ချောင်းနဲ့ တစ်ချောင်းကြားကို သန့်ရှင်းပေးပါ။

ကလေးများကိုလည်း သွားပွတ်ကြိုး သုံးတတ်အောင်သင်ပေးပါ။ အသက်ကြီးသူများ ကလေးများအတွက် အသုံးပြုရလွယ်တဲ့ လက်ကိုင်ပါတဲ့ သွားပွတ်ကြိုးများကိုလည်း အလွယ်တကူ ဝယ်လို့ရနေပါပြီ။

ခဏ ခဏ သွားကျဉ်တတ်လျင် သတိထားပါ

သွားကျဉ်ရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတဲ့အနက် များသောအားဖြင့် သွားကြွေလွှာပါးခြင်းနှင့် သွားတိုက်နည်း မမှန်၍ သွားမျက်နှာပြင် ပြုန်းတီးခြင်း တို့ကြောင့် သွားကျဉ်တတ်ကြပါတယ်။

သိသာတဲ့ သွားပိုးပေါက်မရှိပဲ သွားကျဉ်နေရင်၊ ရေအေး သောက်လိုက်တိုင်း သွားကျဉ်နေရင် ပုံမှန်သွားတိုက်ဆေးအစား သွားကျဉ်ခြင်းအတွက် အထူးထုတ်ထားသော သွားတိုက်ဆေးမျိုးကို အသုံးပြုပါ။

၆။ သကြားဓာတ် များစွာပါဝင်သော အစားအသောက်များကို လျှော့စားပါ။

တော်တော်များများက ချိုတဲ့အစားအစာကို နှစ်သက်ကြပါတယ်။ ချိုပြီးစေးကပ်တဲ့ အစာတွေက သွားမျက်နှာပြင်ပေါ်မှာ အချိန်ကြာကြာကပ်ညှိနေရင် ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ အချဉ်ဖောက်ပြီး ထွက်လာတဲ့ acid တွေနဲ့ သွားမျက်နှာပြင်ကို ပျော့စေပြီး သွားပိုးပေါက်များ ဖြစ်စေပါတယ်။

ဒါကြောင့် ချိုတဲ့ သကြားဓာတ်ပါတဲ့ အစားအစာများကို လျှော့စားပါ။ ချဉ်လွန်းတဲ့ အစားအစာနဲ့ ဖျော်ရည်တွေက သွားမျက်နှာပြင်ကို ထိခိုက်စေတတ်တာမို့ ရှောင်သင့်ပါတယ်။

၇။ သွားနဲ့ ခံတွင်း ကျန်းမာရေးကောင်းမွန်စေတဲ့ အရာများကို ရွေးချယ်စားသောက်ပါ။

အရိုးနဲ့ သွားကို သန်မာစေတဲ့ နွားနို့နဲ့ ကြက်ဥ များကို စားသုံးပေးပါ။ ရေများများသောက်ပါ။ သွားဖုံးကျန်းမာရေးအတွက် Vitamin C၊ Vitamin A စသည်တို့ပါဝင်သော အသီးအရွက်များ စားသုံးပေးပါ။

၈။ ဆေးလိပ် မသောက်ပါနဲ့။

ဆေးလိပ်သောက်ခြင်းဟာ အဆုတ်နဲ့ နှလုံးကို ထိခိုက်စေနိုင်သလို သွားနဲ့ ခံတွင်းကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ သင် ဆေးလိပ်သောက်ခြင်းကြောင့် ဘေးပတ်ဝန်းကျင်အတွက် အနှောင့်အယှက်ဖြစ်ရသလို ဆေးလိပ် stain တွေကပ်နေတဲ့ သွားရဲ့ အရောင်ကလည်း သင့်ကို smart မကျစေပါဘူး။ အများနဲ့ စကားပြောဆို ဆက်ဆံရာမှာ ဆိုးဝါးတဲ့ ခံတွင်းအနံ့ကို ရစေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့ နည်းစေပါတယ်။

ဒါကြောင့်မို့ သင့်ရဲ့အပြုံးတိုင်း စကားလုံးတိုင်း smart ကျစေဖို့ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ် ထဲမှာပါဝင်တဲ့ nicotine၊ tar၊ carbonmoxide အစရှိသည့် ဓာတုပစ္စည်းတွေက သွားနဲ့ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဆေးလိပ် အလွန်အကျွံ သောက်သုံးပါက ခံတွင်းကင်ဆာ အဆင့်ထိ ဖြစ်လာနိုင်တာကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။

၉ ။ ကွမ်းမစားပါနဲ့။

ကွမ်းစားတာက ဆေးလိပ်သောက်တာထက်ပို ဆိုးပါတယ်။ ကွမ်းစားနေခြင်းကြောင့် ကိုယ့်ရဲ့ အပြင်ပုံပန်းသဏ္ဍာန်က မလှမပ ဖြစ်ရတဲ့အပြင် သွားနဲ့ ခံတွင်း ကျန်းမာရေးကိုလည်း တော်တော်လေး ထိခိုက်စေပါတယ်။

ကွမ်းကို ရေရှည်စားသုံးမယ်ဆိုရင် သွားမျက်နှာပြင် ပြုန်းတီးခြင်း၊ သွားဖုံးသားများနိမ့်ခြင်း၊ သွားများယိုင်နဲ့လာခြင်း တို့အပြင် ခံတွင်းကင်ဆာ ကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။

ကွမ်းစားတာကြောင့် ခံတွင်းကင်ဆာ ဖြစ်ကာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတဲ့ သူတွေ၊ အသက်ဆုံးရှုံးရတဲ့ သူတွေလည်း အများကြီးပါ။ ဘာတစ်ခုမှ ကောင်းကျိုးမပေးတဲ့ ကွမ်းစားခြင်းကို အစမပြုသင့်သလို စားကျင့်ရှိတဲ့သူတွေ အနေနဲ့လည်း အမြန်ဆုံး ဖြတ်သင့်ပါတယ်။

၁၀။ အရက် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ပါ။

အရက်သောက်ခြင်းဟာ သွားနဲ့ ခံတွင်းကျန်းမာရေးကို တိုက်ရိုက်မထိနိုင်ပေမယ့် နေ့စဥ် ရက်ဆက်ဆိုသလို အလွန်အကျွံ သောက်သုံးပါက အနည်းနဲ့အများ ထိခိုက်လာနိုင်ပါတယ်။

မိမိရဲ့ သွားနဲ့ခံတွင်းအတွက်ရော ခန္ဓာကိုယ် တစ်ခုလုံးအတွက်ပါ ကျန်းမာနိုင်ဖို့ အရက်ကို အတတ်နိုင်ဆုံးလျှော့သောက်တာက အကောင်းဆုံးပါပဲ။

၁၁။ သွားဆေးခန်းမှာ ခြောက်လ တစ်ကြိမ် စစ်ဆေးမှုခံယူပြီး သွားသန့်ရှင်းရေးပြုလုပ်ပါ။

တော်တော်များများက သွားဆေးခန်းသွားရမှာကို ဝန်လေးနေတတ်ကြပါတယ်။ သွားဆရာဝန်ကို ကြောက်ကြတဲ့အပြင် သွားဆေးခန်းကသုံးတဲ့ ပစ္စည်း ကိရိယာတွေကိုလည်းကြောက်တတ်ကြပါတယ်။

တကယ်ဆို သွားနှုတ်တဲ့အဆင့်ထိ အခြေအနေမဆိုးခင် ကြိုတင်ကာကွယ်ရင်း သွားဆေးခန်းမှာ စစ်ဆေးမှုခံယူသင့်တယ်မလား။ တစ်နှစ်မှာ ၂ ကြိမ် သွားဆရာဝန်နဲ့ပြသပြီး သွားနဲ့ခံတွင်း ကျန်းမာရေး စစ်ဆေးပါ။

သွားသန့်ရှင်းရေးပြုလုပ်ပြီး အခြေအနေမဆိုးခင် လိုအပ်တဲ့ ကုသမှု များ ကို ခံယူပါ။ အခုလောက်ဆို သဘာဝကပေးထားတဲ့ လက်ဆောင်သွားလေးတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သေချာ သိသွားလောက်ပါပြီနော်။

အချက်တစ်ချက်ချင်းစီကို လိုက်နာကျင့်သုံးပြီး သွားနဲ့ခံတွင်း ရောဂါတွေ ကင်းဝေးကာ အလှဆုံးအပြုံးတွေ ပိုင်ဆိုင်နိုင်ကြပါစေ…….