သေမယ်ဆိုတာ မမေ့ပါနဲ့

မြတ်စွာဘုရားလက်ထက်က
ဗာရာဏသီပြည်ကနေ
သာဝတ္ထိပြည်ကို
ကုန်လာရောင်းတဲ့
ကုန်သည်ကြီးတစ်ယောက်
ရှိတယ်တဲ့…
သူရောင်းတာက
ဝတ်ပန်းအထည်လေးတွေ၊
သာဝတ္ထိမှာမြစ်ရေကြီးနေတော့
တစ်ဖက်ကမ်းလည်းကူးမရ၊
မြစ်ရေကျ ပြန်တော့လည်း
အထည်တွေက
ရောင်းမရပြန်ဘူးတဲ့…
အဲဒီတော့
သာဝတ္ထိမှာပဲ
မိုးလေးလ၊ဆောင်းလေးလ၊
နွေလေးလအခြေချ ပြီး
ကုန်ရောင်းတော့မယ်လို့
ဆုံးဖြတ်လိုက်တယ်တဲ့…
တစ်နေ့မှာ
မြတ်စွာဘုရားဆွမ်းခံကြွလာတော့
အဲဒီကုန်သည်ကြီးကိုမြင်ပြီး
ရှင်အာနန္ဒာကို
အခုလိုပြောတယ်တဲ့…
“အာနန္ဒာ…
အဲဒီကုန်သည်ကြီးဟာ
နောက်ထပ်(၇)ရက်နေပြီးရင်
သေရတော့မယ်”တဲ့…
ကုန်သည်ကြီးကတော့
စီမံကိန်းကြီးဆွဲထားလိုက်တာ၊

မိုးမှာဘာလုပ်မယ်၊
ဆောင်းမှာဘာလုပ်မယ်နဲ့
မကြာခင်သေရတော့မှာ
သူ့ခဗျာ မသိရှာဘူး… အရှင်အာနန္ဒာက
သူ့ကိုသနားလွန်းတော့
နောက်နေ့မနက်မှာ
သူ့ဆီကိုဆွမ်းခံကြွသွားပြီး
အခုလိုတရားဟောတယ်တဲ့…
“ဒကာကြီး…
အသက်အန္တရာယ်ဆိုတာ
အလွန်သိနိုင်ခဲတယ်၊
ဒါကြောင့် မမေ့မလျော့
နေသင့်တယ်”တဲ့…
ကုန်သည်ကြီးကလည်း
အလွန်ပါးနပ်သူဆိုတော့
အရှင်အာနန္ဒာရဲ့
မျက်နှာအရိပ်အကဲကြည့်ပြီး…
“အရှင်ဘုရား…
တပည့်တော်မှာ
အသက်အန ္တရာယ်ရှိနေပြီလား?
ပွင့်ပွင့်လင်းလင်းပဲပြောပါဘုရား”တဲ့…
အဲဒီတော့မှ
အရှင်အာနန္ဒာကလည်း
မြတ်စွာဘုရားမိန့်ကြားချက်အတိုင်း
နောက်(၇)ရက်မှာ
ကုန်သည်ကြီးသေရတော့မှာကို
ပြောပြလိုက်တယ်တဲ့…

အဲဒီအခါ
ကုန်သည်ကြီးဟာ
အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး
အားကိုးရာရှာတဲ့အနေနဲ့
ဘုရားအမှူးရှိတဲ့
သံဃာတော်တွေကို
(၇)ရက်တိတိ ဆွမ်းကပ်တယ်တဲ့… မြတ်စွာဘုရားက-လောကမှာအသိဉာဏ်နုံ့နည်းပြီး မိုက်မဲကြသူတွေဟာ နွေအခါဘယ်လိုနေမယ်၊ မိုးအခါဘယ်လိုနေမယ်၊ဆောင်းအခါဘယ်လိုနေမယ်ဆိုပြီး စီမံကိန်းချပြီးတွေးနေကြတယ်တဲ့… မိမိရဲ့ခန္ဓာကြီးပျက်စီးမှုတည်းဆိုတဲ့ သေဘေးကိုကြတော့မမြင်နိုင်ကြဘူးတဲ့၊မစဉ်းစားမိကြဘူးတဲ့… အဲဒီလိုအဓိပ္ပါယ်ရှိတဲ့ မြတ်စွာဘုရားရဲ့တရားတော်ကို နာကြားလိုက်ရတော့ ကုန်သည်ကြီးဟာသောတာပတ္တိမဂ်ဉာဏ်ကိုရသွားပြီး (၇)ရက်ပြည့်လို့ကွယ်လွန်သွားတော့ တုသိတာနတ်ပြည်ကိုရောက်သွားတယ်တဲ့… ကုန်သည်ကြီးကတော့ ဘုရားရှင်ရဲ့ကျေးဇူးကြောင့် သေရမယ်ဆိုတာသိပြီး ကုသိုလ်ကောင်းမှုတွေပြုနိုင်လို့ နတ်ပြည်ရောက်သွားရတယ်… ဒါကြောင့်ကုသိုလ်ကောင်းမှုတွေကို များများပြုစေနိုင်တဲ့အကြောင်းတရားဖြစ်တဲ့ မိမိခန္ဓာကြီး အချိန်မရွေးပျက်စီးနိုင်တယ်ဆိုတဲ့အသိကို အမြဲတမ်းနှလုံးသွင်းနိုင်ရမယ်…