သံမဏိစစ်သား

   ညချီတက်မှုဖြစ်၏။

   လမိုက်ည ဖြစ်၍လည်း မှောင်လွန်းနေသည်။ ရှေ့မှစစ်သည်ကို မြင်ရ အောင် အားစိုက်ကာ ကြည့်နေရသည်။ ဦးထုတ်တွင် တပ်ထားသော ညကြည့်အမှတ်အသား အဖြူရောင်လေးများပင် မြင်တစ်ချက် မမြင် တစ်ချက်နှင့်။

   ချီတက်နေရသော လမ်းမှာလည်း ကမ်းပါးယံလမ်း။ ပေ၂၀၀ခန့် နက် သော လျှိုဘေးတောင်စောင်းကို ဖြတ်ဖောက်ထားသည့် လူသွားလမ်းလေး အတိုင်း ချီတက်နေရ၍ အန္တရာယ် များလှသည်။

   " လမ်းဘေးကို ဂရုစိုက်...ရှေ့နဲ့နောက် မပြတ်စေနဲ့...ချောက်ထဲမ ကျအောင် ထိန်းပြီးတော့သွားကြ"

   လမ်းဘေးသို့ ပြုတ်မကျအောင် လူမကျန်ခဲ့ရအောင် တပ်ခွဲမှူးများက ရှေ့နောက်ဆက်သွယ် သတိပေးကာ သွားနေကြရသည်။

   ခေတ္တနားပြီး ပြန်လည်ချီတက် လာရာမှ မိနစ်၃၀ခန့်အကြာတွင် စစ် ကြောင်းအလယ်မှတစ်ဦး လမ်းဘေးလျှိုအတွင်း ပြုတ်ကျသွားပါတော့ သည်။ လျှိုအနက်က ၁၀ပေခန့်ရှိသည်။ ပြုတ်ကျပြီး တခဏ လျှိုအောက် မှ အသံတစ်သံ ထွက်ပေါ်လာသည်။

   " ပြည်သူ့စစ်သား...သံမဏိစစ်သား"

   ရှေ့ပြေးတပ်ခွဲမှူးမှ အသံကြား၍...

   " ဘယ်ကောင်လဲကွ...လျှိုထဲမကျအောင် သွားပါလို့ ပြောထားရက်နဲ့ သောက်သုံးကိုမကျဘူး...အောက်ရောက်မှ ပြည်သူ့စစ်သားလေး သံမဏိ စစ်သားလေး အော်မနေနဲ့...အမြန်ပြန်တက်လာခဲ့"

   သူ၏တပ်ခွဲမှ စစ်သည်ဖြစ်မည်ဟု ယူဆ၍ အော်ငေါက်ပြီး တီးတိုး ဆူနေပါသည်။

   ထိုအချိန် စစ်ကြောင်းရုံးမှ အဆင့်ဆင့် သတင်းပို့လာပါသည်။

   " ဗိုလ်ကြီး...ပြုတ်ကျသွားတာ တပ်ရင်းမှူးခင်ဗျ"

   " ဟင်"

   စိုးရိမ်သွားမိသည်။

   " ဆရာဖိုးကူး...အောက်ကိုဆင်းပြီး တပ်ရင်းမှူးကိုသွားခေါ်...ရဲဘော် သုံးယောက်လည်းခေါ်သွား"

   စစ်ကြောင်းကြီး ခေတ္တရပ်နားပြီး တပ်ရင်းမှူး ကယ်တင်ရေး အစီအစဥ် စတင်ကြသည်။

   အချိန်အနည်းငယ်ကြာတော့ လျှိုအတွင်းမှ အပေါ်သို့ တပ်ရင်းမှူး ကုန်းကွကုန်းကွနှင့် တက်လာပါသည်။ မျက်နှာပေါ်က ဆူးခြစ်ရာတွေကို ဓာတ်မီးရောင်အောက်မှာ မြင်လိုက်ရသည်။

   " အဆင်ပြေလားခင်ဗျ"

   " ပြေတယ်..ပြေတယ်.. ကျုပ်ဘာမှမဖြစ်ဘူး..အင်း...လျှိုက ကျုပ် ထင်ထားတာထက်တော့ နည်းနည်းနက်သား"

   မသိရင် လျှိုအနက် သိလို၍ သူကပဲ ဆင်းတိုင်းသလိုလို။