သူမကောင်းလည်း ကိုယ်ကောင်းပါ

မြတ်စွာဘုရားက လောကမှာတဲ့ ကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်ကကောင်းလို့ ကိုယ်ကကောင်းနေတာ၊ ဆိုလိုတာက သူများတွေက တော်နေလို့ ကောင်းနေတဲ့ သူတော်ကောင်းဖြစ်နေရတာ။

ကိုယ့်ပတ်ဝန်းကျင်က သိပ်ကောင်းတယ်လေ။ ကိုယ့်အလိုတိုင်း ပြည့်နေလို့ ပတ်ဝန်းကျင်က သဘောကောင်းလိုက်တာ။

ပတ်ဝန်းကျင် အဆိုးနဲ့ တွေ့ရတဲ့အခါမှာ သဘောကောင်းသလား၊ မကောင်းဘူးလားဆိုတာကို ဆုံးဖြတ်ကြည့်ရမယ်။

တချိုကျတော့လည်း တစ်စုံတစ်ခုရပြီးတော့ ဦးစားပေးခံနေရလို့ သဘောကောင်းနေတာလဲ ရှိသေးတယ်။

ဦးစားပေးခံနေရလို့ သဘောကောင်းနေတာမျိုးဟာလည်း ရှိတတ်ပါတယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ တကယ် သဘောကောင်းတာမျိုးမဟုတ်ပါဘူး။

ပတ်ဝန်းကျင်ကောင်းနေတာ တကယ်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ “နိဝါတ” ဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ “ဥပသန္တ” စိတ်နှလုံးငြိမ်းအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့စဉ်းစားကြည့်ပေါ့။

ငါဟာ တကယ် သဘောကောင်းတဲ့သူလား။ ပတ်ဝန်းကျင်ကောင်းလို့ကောင်းတာ စိတ်မဆိုးတာလား၊ စိတ်ဆိုးစရာမရှိလို့ စိတ်မဆိုးတာလား၊ စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာပါလား။

ပတ်ဝန်းကျင် ကောင်းလို့ ငါ ကောင်းနေတာပါလား၊ တကယ်ကိုပတ်ဝန်းကျင်က မကောင်းတဲ့ကြားမှာ ငါကောင်းအောင် နေနိုင်ရဲ့လား။

ကိုယ့်ကိုထော်လော်ကန့်လန့်လုပ်နေတဲ့သူတွေရဲ့ကြားမှာ ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲဆိုတာကို စဉ်းစားကြည့်ပါ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ