သိုင်းပြောင်းပြန် အပိုင်း(၁)


နိုင်ငံ့ဝန်ထမ်း ဘဝဆိုတာ သူ့စိတ်နဲ့ ကိုယ့်ကို ဆိုသလို ကိုယ့်သဘောအတိုင်း ဆောင်ရွက်လို့မှ မရတာ။ လခစား ဝန်ထမ်းဘဝရဲ့ ထားရာနေ စေရာသွား နိစ္စဓူဝ လှုပ်ရှားနေ ကြရမှုက စိတ်ပါ သည်ဖြစ်စေ မပါသည်ဖြစ်စေ တစ်နေ့ တာ ကုန်ဆုံးလို့ နေ့ကိုလစား လကိုနှစ်စားနဲ့ အချိန်ကာလကို ကုန်လွန်စေခဲ့တာပါ။

သူငယ်ချင်းနှစ်ယောက် တိုင်ပင်ကြတယ်။ ဒီတစ်ခါ ပြောင်းရမယ် ဆိုရင်တော့ နေရာကောင်းလေးကို ရောက်ချင်တယ်လေ။ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး။ ပို့ချင်တဲ့နေရာပို့ ဆိုလို့ကတော့ သူများတွေ မသွားချင်တဲ့နေရာကို ရောက်မှာ သေချာတယ်။ ဒါကြောင့် နေရာချထားရေးဌာန ကိုကိုင်တဲ့ လူကြီးဆီ ဂါရဝလုပ်ကြဖို့ တိုင်ပင်ကြတယ်။ အပြောင်းအရွှေ့ ကိုင်တဲ့ လူကြီးနာမည်ကိုက ကြောက်စရာကြီး။ ဦးအောင်ငွေသိမ်းတဲ့။ ပညတ်သွားရာ ဓာတ်သက်ပါ ဆိုသလို ငွေကိုလည်း အတော်ခင်မင်တယ် လို့ကြားတယ်။ ကွယ်ရာမှာတော့ ဦးမန်းနီးလို့ခေါ်ကြတယ်။ အပြောင်းအရွှေ့ ကိစ္စတွေမှာ ဦးမန်းနီး ပြီးရင် ပြီးသ လောက်ပါပဲ။ လုပ်ပေးနိုင်တဲ့ အတိုင်းအတာလည်း ရှိတယ် လေ။ ကိန်းဂဏန်းလေး တစ်လုံးလောက် ရွှေ့ပေးလိုက်တာ နဲ့ တောင်ဥက္ကလာပနဲ့ ဖါပွန်လောက်ကို ရွေ့သွားနိုင်တာကိုး။ ဒါကြောင့် ဂါရဝလက်ဆောင်တွေဝယ်ပြီး ဦးမန်းနီးအိမ်ကို ချီတက်ဖို့ ဖြစ်လာပါတော့တယ်။ ဦးမန်းနီးကြီး လိုချင်နေ တယ်လို့ သတင်းကြားထားတဲ့ ပက်လက်ကုလားထိုင်ကြီး တောင် ဂါရဝပစ္စည်း ထဲမှာပါသေး။


သူငယ်ချင်း နှစ်ယောက်လုံးက ဦးမန်းနီးအိမ်ကို သေသေချာချာ မသိကြဘူး။ အိမ်တွေကလည်း ဆင်တူ နေကြတယ်။ ဆိုင်းဘုတ်တွေလည်း ရေးမထားဘူး။ ဆုံးဖြတ်ချက်ချပြီး အဖြစ်နိုင်ဆုံးလို့ထင်တဲ့ အိမ်ထဲကို လက်ဆောင်ဂါရဝတွေနဲ့ ဝင်သွားချိန်မှာတော့…