မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောင်ပြိုလမ်းပိတ်သည့်နေရာများကိုဖယ်ရှား

သြဂုတ်လ ၁၅ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် အာရှလမ်းမကြီး မိုင်တိုင်အမှတ် (၁၅၅) နှင့် (၁၅၆) ကြားတွင် မြေသားအနည်းငယ် ထပ်မံပြိုကျလမ်းပိတ်ခဲ့ပြီး အမြန်ဆုံး ရှင်းလင်းဖယ်ရှားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုအတူ မိုင်တိုင်(၁၄၉)နှင့် (၁၄၉ ဒသမ ၅)ကြားတွင် ကားလမ်းအောက်ခံမြေသားအကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်း အရှည်ပေ ၁၅၀ ခန့် ပဲ့ကျသည့်နေရာကိုလည်း ဩဂုတ် ၁၀ ရက်မှစ၍ ယာယီဘေလီတံတားထိုးနိုင်ရေး လမ်းပြင်ဆင်မှုနှင့်ပတ်သက်သည့် ပစ္စည်းများ ပိုဆောင်ပေးလျက်ရှိပြီး ယာဉ်ယန္တရားများဖြင့် လမ်းပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရာသီဥတုအခြေအနေကောင်းမွန်ပြီး လုပ်အားအပြည့်ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ပါက သတ်မှတ်ရက်ထက် ပိုမိုဆောလျင်စွာ ပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလမ်း ပြင်ဆင်ပြီးမှသာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း၊ ယခုကာလအတွင်း လူစီးယာဉ်များနှင့် ပစ္စည်းသယ်ယာဉ်ငယ်များကို ယခင်အသုံးပြုခဲ့သည့် မြဝတီ-ကော့ကရိတ် လမ်းဟောင်းဖြစ်သော ထိုကော်ကိုးလမ်းပိုင်းမှ နေ့စဉ် သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ သိရသည်။