သတို့သမီးချစ်သူဟောင်းရဲ့ မင်္ဂလာလက်ဖွဲ့လက်ခံပြီးနောက် ဗုံးပေါက်ကွဲမှုဖြစ်

အိန္ဒိယနိုင်ငံက အသစ်စက်စက် ခင်ပွန်းလောင်းနဲ့ ညီအစ်ကိုတို့ဟာ မင်္ဂလာလက်ဖွဲ့အဖြစ်ရလာတဲ့ နေအိမ်သုံး သီချင်းဖျော်ဖြေရေးစက်ကို ပလက်ပေါက်ထိုးပြီးနောက် မကြာခင်မှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့ရာကနေ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေအပြင် လျှပ်စစ်ပစ္စည်းပေါက်ကွဲမှုကြောင့် အခြားသော လူ ၄ ဦးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အဲ့ဒီဖြစ်စဉ်မှာ ချာတစ်ဂါ ရဲတပ်ဖွဲ့က ပါဝင်စုံစမ်းဖော်ထုတ်ခဲ့ပြီး အသစ်စက်စက်ဇနီးမောင်နှံကို သတ်ဖြတ်ဖို့ စီစဉ်ခဲ့တဲ့ လျှပ်စစ်ပစ္စည်းနဲ့ ဗုံးလုပ်ခဲ့တဲ့ ဇနီးသည်အမျိုးသမီးရဲ့ ချစ်သူဟောင်းအမျိုးသားကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်ခြင်းနဲ့ပါဝင်ပတ်သက်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးစဉ်အတွင်း မာခန်းဆိုသူ အမျိုးသား ကို ဘာလာဂတ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက သတင်းသို့ ပြောပြခဲ့ပါတယ်။

အမျိုးသမီးရဲ့  ခင်ပွန်းသည် အသက် ၃၀ အရွယ် ဟီမန်ဒရာ မီရာဝီ၊ ညီအစ်ကိုတော်စပ်သူ အသက် ၃၂ နှစ်အရွယ် ရက်ဂျ်ကူးမားတို့ဟာ ဘာလာဂတ်ခရိုင်ရဲ့ အိမ်နီးချင်း ရွာ  ချာဟက်လာမှာ နေထိုင်တဲ့ အိမ်ထောင်သည် အသက် ၃၃ နှစ်အရွယ် အမျိုးသား ဆာဂျူးမာကန်က လက်ဖွဲ့ပေးတဲ့သီချင်းဖွင့် စက် ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ပြောကြားရာမှာတော့ သတို့သမီး အမျိုးသမီးရဲ့ အရင်ချစ်သူ အမျိုးသားမှာ သူ့ရဲ့ ချစ်သူမိန်းကလေးက တခြားသော အမျိုးသားနဲ့ လက်ထပ်ထိမ်းမြားသွားတာကို မကျေမနပ်ဖြစ် ဒေါသထွက်ခဲ့ပြီးနောက် အခုလိုပဲ ဗုံးတပ်ဆင်ပြီး လုပ်ကြံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာ လက်ဖွဲ့ပစ္စည်းမှာ တပ်ဆင်ထားတဲ့ ဗုံးပေါက်ကွဲမှုက ပြင်းထန်ပြီး နံရံတွေနဲ့ အမိုးတွေလည်း လွင့်ထွက်ခဲ့ကာ အဆောက်အအုံ ပြိုကျမှုတွေဖြစ်ခဲ့ရတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါ တယ်။