ဝေဇယန္တာလမ်းမပေါ်ရှိ ဥက္ကလာဂေါက်ကွင်းမီးပွိင့်၌ ကားနှစ်စီးတိုက်မိပြီး ၅ ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ ဥက္ကလာဂေါက်ကွင်းမီးပွိင့်၌ ယမန်နေ့ (ဇွန် ၂၄ ရက်)ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အိမ်စီးကားနှင့် Hijet ကားတိုက်မှု ဖြစ်ပွားခဲ့သည်ဟု မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

အဆိုပါယာဥ်တိုက်မှုကြောင့် အိမ်စီးကားမှာ ခေါင်းပိုင်းပျက်စီးသွားခဲ့သလို Hijet ကားမှာလည်း နောက်ပိုင်းတစ်ခုလုံး လုံးဝပျက်စီးသွားကာ Hijet ကားပေါ်၌လိုက်ပါလာသူ များအနက် ၅ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟုဆိုသည်။

ဒဏ်ရာရရှိသူများကို မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည့် အမျိုးသားတစ်ဦးကို မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။