ဝက်သား သိပ်ကြိုက်သလား

မီးဖိုပေါ်က သံဒယ်အိုးထဲမှာ  ဝက်ဆီခဲတွေကို ခြေပြီးကြော်တဲ့ ခေါက်ဆွဲကြော်တွေ၊ သုတ်ထားတဲ့ ဝက်အခေါက်ကင်တွေကို အမြဲစားလေ့ရှိတဲ့ အရက်သမားတစ်ဦးဟာ တစ်နေ့တခြားဝဖြိုးလာပြီး မကြာမီ လေဖြတ်သေဆုံးသွားတယ်လို့သိရပါတယ်။ဝက်သား သိပ်ကြိုက်သလား

အခြားသောက်ဖော်သောက်ဖက်တွေထက် ဝက်ဆီခဲပါတဲ့ အစာစားတဲ့ အရက်သမားက ပိုပြီးမြန်မြန်ဒုက္ခရောက်ပါတယ်။

ဝက်သားတုတ်ထိုးကြိုက်တဲ့ တက္ကသိုလ်ကျောင်းသား လူငယ်တစ်ဦးဟာ အလွန်ဝလာပြီး ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သွေးကြောပိတ်ရောဂါ ရလာတာကို တွေ့ရပါတယ်။ တုတ်ထိုးတွေ မသန့်ရှင်းလို့   ဝမ်းကိုက်ပိုးဝင်တဲ့သူတွေ၊   အသည်းပြည်တည်နာဖြစ်တဲ့ သူတွေလည်းရှိကြောင်း တွေ့ရပါတယ်။

ဒါဆိုရင် တရုတ်ပြည်တစ်ပြည်လုံး ဝက်သားစားနေတာ  ဘယ်လိုလုပ်မလဲလို့ မေးတဲ့သူလည်းရှိပါတယ်။ ဒီမှာဝက်သားစားတဲ့နည်းနဲ့ တရုတ်ပြည်မှာစားတဲ့နည်း၊ ချက်ပြုတ်တဲ့နည်းတွေမှာ မတူတာတွေရှိနိုင်ပါတယ်။ တွဲဖက်စားတဲ့ အစာတွေလည်း အဓိကကျပါတယ်။ သေချာတာတစ်ခုကတော့ တရုတ်ထမင်းဝိုင်း တွေမှာ မီးပြင်းပြင်းနဲ့ချက်တာရယ်၊ ချက်ပြီးပြီးချင်း ပူပူလောင်လောင်စားကြတာတော့  သတိထားမိပါတယ်။

မြန်မာတွေလည်း ဝက်သားကြိုက်

မြန်မာဟင်းတွေကတော့ ထမင်းဆိုင်တွေ သွားစားရင် အိုးကြီးအိုးငယ်တွေနဲ့ချက်ပြီးသား ဟင်းအေး တွေကိုပဲ ပန်းကန်နဲ့ခပ်ထည့်ပေးတာတွေ့ရပါတယ်။

ပြန်နွှေးရင်လည်း မူလချက်တဲ့အရသာနဲ့ မတူတော့ဘူး။ ထမင်းဟင်းစားရာမှာ ပူပူနွေးနွေးစားတာဟာလည်း ကျန်းမာရေးအတွက်  နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။

စာရေးသူ နှလုံးသွေးကြောဓာတ်မှန်ရိုက်ဖို့ ဆေးရုံတစ်ညတက်ရစဉ်က ဝဲ/ယာဘေးနှစ်ဖက်က  လူနာ နှစ်ဦးစလုံးဟာ ဝက်သားကို အလွန်ကြိုက်သူများ ဖြစ်ပါတယ်။ တစ်ဦးက အသက် ၆၉ နှစ်ရှိပြီး ဝဝဖိုင့်ဖိုင့်ဖြစ်ပါတယ်။ ယခင်ကလည်း နှလုံးသွေးကြောချဲ့ကိရိယာ ထည့်ထားရပြီး နှစ်နှစ်အကြာမှာ ဝက်သားပြန်စားပြီး နောက်ထပ်နှလုံးသွေးကြော နှစ်ချောင်း ထပ်ပိတ်သွားလို့ အရေးပေါ်ရင်ဘတ်အောင့်ပြီး ဆေးရုံတက်လာတာပါ။

နောက်တစ်ဦးကတော့ အသက် ၅၈ နှစ်အရွယ် အရာရှိကြီးတစ်ဦးဖြစ်ပြီး စိတ်တိုတယ်၊  ဝက်သား နေ့စဉ်စားတယ်။ ဝက်သားဟင်းမရှိရင် မဖြစ်ဘူးလို့ပြောပါတယ်။  သူကလည်း လွန်ခဲ့တဲ့   ရှစ်နှစ်က နှလုံးသွေးကြောထဲ ပိုက်သွင်းပြီး သွေးကြောထောက်ကိရိယာထည့်ပြီးသားပါ။ အခုနောက်တစ်နေရာ ထပ်ပိတ်လို့ သွေးကြောချဲ့ဖို့ ဆေးရုံတက်လာတာပါ။ ဆေးရုံတက်ခါနီးလေးမှာတင်  ဆရာဝန်နဲ့တွေ့ရင် မစားရတော့ဘဲ နေမယ်ဆိုပြီး ဝက်သားချက် အဝစားခဲ့ပြီးမှ  ဆေးရုံလာတက်တာတဲ့။ သူ့ဇနီးကဘေးက ပြောပြတာပါ။ ဝက်သားအတွက် အသက်ပင်သေသေ ကြိုက်တဲ့လူတွေပဲ။

ဝက်သားအိုးကြီးနှပ်ချက်

ကိုယ်မစားပေမယ့် ဝက်သားချက်နည်း တစ်နည်းကို သွားသတိရမိပါတယ်။ တစ်ခါက စာရေးသူဟာ မဟာဝိသုဒ္ဓါရုံတိုက်သစ်မှာ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးကို သွားရောက်ဆေးကုသပေးပါတယ်။ ဆရာတော်ကြီးကို အကြောပြင် ကိစ္စပြီးတဲ့အခါ ကျောင်းတိုက်မှာ  အလှူရှိတာနဲ့ ထမင်းစားကြွဖို့ အတင်းခေါ်တာနဲ့ ဆွမ်းစားဆောင်ကိုသွားပါတယ်။ အဲဒီမှာ ပြင်ထားတဲ့ဟင်းတွေထဲမှာ အနံ့ရောအရသာပါ မွှေးကြိုင်နေတဲ့ ဟင်းတစ်ခွက်တွေ့လို့ မေးကြည့်တော့ ”ဝက်သားသုံးထပ်သား အိုးကြီးနှပ်ချက်”  လို့ပြောတယ်။ မွှေးလိုက်တာ။  အရောင်ကတော့ ပုံးရည်ကြီး အရောင်ပေါက်နေတယ်။ စာရေးသူမနေနိုင်လို့ အသားမစားဘဲ အနှစ်ကလေး အနည်းငယ်ကို စားကြည့်တဲ့အခါ ချဉ်ဖြုံးဖြုံး အရသာလေးရှိနေတာကို တွေ့ရပါတယ်။ ချက်တဲ့နည်းမေးကြည့်တော့ ဟင်းချက်သူ ဘကြီးက ပြောပါတယ်။

အဘတို့က  ဒီကျောင်းမှာ  အလှူရှိတဲ့အခါတိုင်း ဝက်သားသုံးထပ်သား အိုးကြီးနှပ်ချက်    ချက်လေ့ရှိ ပါတယ်။ ဒီလိုချက်ဖို့အတွက်  ဒီကျောင်းတိုက်ထဲက သရက်ပင်တွေ၊ မရန်းပင်တွေက အသီးရင့်တွေ ကြွေတိုင်းကောက်ထားတယ်။  ခွဲပြီးနေလှန်းထားတယ်။ အရင့်ကို  အပင်ကနေခူးပြီး နေလှန်းထားတယ်။ ခြောက်သွေ့ပြီဆိုမှ စဉ့်အိုးတွေနဲ့သိပ်ပြီး  သိမ်းထားတယ်။

အဘက ဆက်ပြောတယ်။ ဝက်သားဆိုတာမျိုးက အဆီအအိမ့် သိပ်များတယ်။  ဆရာတော်ကြီးတွေ၊ စာအံနေတဲ့သံဃာတော်တွေကို   သွေးမလေး၊ သွေးမတက်အောင် အချဉ်ထည့်ချက်ရပါတယ်။ အချဉ် က အအီပြေစေတယ်။ သွေးမလေး၊   သွေးမတက်အောင် ဝက်သားနဲ့ရောချက်တာလို့ ပြောပါတယ်။

သူ့နည်းက ဝက်သားသုံးထပ်သား  ကောင်းကောင်းရှာဝယ်ပြီး လက်သီးဆုပ်ငယ်လောက်  အတုံးကြီးတွေ တုံးရပါမယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊  ချင်းဆီသတ်ပြီး  ဝက်သားဟင်းချက်ပါတယ်။ ရေများများနဲ့နူးအောင် ရေခန်းအောင်ချက်ပြီးပြီဆိုရင် အိုးကြီး ထဲပြောင်းပါတယ်။

နှပ်မယ့်အိုးက ဒန်အိုးအကြီးကြီးပါ။ ဒန်အိုးကြီးထဲမှာ သရက်သီးခြောက်တစ်ထပ်   လက်လေးလုံးလောက်  ထူထူခင်းပါတယ်။ နောက်ဝက်သားဟင်း သုံးထပ်သားဟင်းတစ်ထပ် ထည့်ပါတယ်။ အနှစ်ပါ အောင်ထည့်ပါတယ်။ နောက်မရန်းသီးခြောက် တစ်ထပ်အပေါ်က ထပ်တင်ပါတယ်။ နောက်ဝက်သားတစ်ထပ်၊ သရက်သီးခြောက်တစ်ထပ်  တစ်လှည့်စီ ထပ်တင်သွားပါတယ်။ အိုးပြည့်တဲ့အထိပေါ့။ ပြီးရင် အပေါ်မီး၊ အောက်မီးနဲ့ နှပ်ထားပါတယ်။  နဂိုကျက်ပြီးသား ဝက်သားဟင်းထဲကို သရက်သီးနဲ့ မရန်းသီးရဲ့ အချဉ်အရသာဟာ စိမ့်ဝင်သွားပါတယ်။

အအီပြေရန်အချဉ်စားပါ

အအီကို အချဉ်နဲ့ဖြေတာ  သဘာဝကျပါတယ်။

ဒီနည်းနဲ့စားရင် ဝက်သားကြောင့် အစာမကြေတာ၊ သွေးတက်တာတွေ သက်သာပါတယ်။  တောရွာတော်တော်များများက ဘုန်းကြီးကျောင်းတွေမှာ လေကြွေသရက်သီး၊ မရန်းသီးများကို နှစ်ခြမ်းခွဲပြီး  နေလှန်းထားသည်ကိုတွေ့ရဖူးသည်။ အီသော၊  ကြေခဲသော အသားများချက်လျှင်ထည့်ချက်၍ အသားနူးမြန်အောင် ပြုလေ့ရှိသည်။

ရုပ်မြင်သံကြားတွင် ဆရာဝန်တစ်ဦးရဲ့ ဟောပြောချက်မှာ ကင်ဆာရောဂါကိုကာကွယ်ရန်  အသားကင်များတွင်ပါသည့် ကျက်ခိုးတူးမည်းသော အသားများသည် ကင်ဆာဖြစ်စေသဖြင့် ဓာတ်ပြယ်သွားအောင် အချဉ်ညှစ်စားပါ သို့မဟုတ်  ၎င်းအစာများစားပြီးလျှင် သံပရာရည်တစ်ခွက်သောက်လျှင် ကာကွယ်နိုင်ကြောင်း ပြောသွားပါတယ်။

ဝက်သားသိပ်ကြိုက်သူများ အတွက် အကြံပြုရရင်တော့ များများစားရင် သွေးကြောတွေ  အဆီတက် နိုင်တယ်ဆိုတာ အထက်မှာလည်း ရေးခဲ့ပြီဆိုတော့ သိပ်များများတော့ မစားသင့်ပါဘူး။ ချင့်ချိန်ပြီးတော့စားပါ။ တတ်နိုင်သမျှတော့လျှော့စားပါ။ ဖြစ်နိုင်ရင် တစ်ပတ်မှာ   နှစ်ရက်ထက်တော့ပိုပြီးမစားပါနဲ့။ ကြာကြာဝါးမယ့်သွား  အရိုးကြည့်ရှောင်ဆိုသလို ကြာကြာစားချင်တဲ့ ဝက်သားလျှော့စားပါ။ အထက်တွင် ဖော်ပြခဲ့သလို အိုးကြီးနှပ်ချက် မလုပ်နိုင်လျှင်တောင်မှ ဝက်သားချက်လျှင် သရက်သီးခြောက်၊  မရန်းသီးခြောက်ကလေးများထည့်ချက်လျှင်  အနူးလွယ်ပြီး အကြောပိတ်၊   အကြောတက်စေသော  ”ဂရု” ဓာတ်များလည်း  လျော့ပါးသွားမှာဖြစ်ပါတယ်။ စားပြီးလျှင်လည်း အချဉ်ဓာတ်ပါသော  ဖျော်ရည် လေးတစ်မျိုးမျိုးကို ထပ်သောက်လျှင်တော့ ပို၍ပင်ကောင်းပါလိမ့်မယ်။