လဲ့ရှန်းနှင့် ပုဂံမြို့အကြား ချစ်ကြည်ရေးညီအစ်မမြို့ သတ်မှတ်ရေး ဆွေးနွေး

တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာညီလာခံ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁ ရက်၊ ညနေပိုင်းက စီချွမ်ပြည်နယ်လဲ့ရှန်းရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် လဲ့ရှန်းဘုရားကြီး သွားရောက်လေ့လာဖူးမြော်ခဲ့ပြီး လဲ့ရှန်းပါတီအတွင်းရေးမှူးမစ္စတာမာဘိုမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲ တက်ရောက်ခဲ့သည်ဟု သိရသည်။

အဆိုပါညစာစားပွဲတွင် လဲ့ရှန်းအစိုးရမှ အဆိုပြုထားသည့် လဲ့ရှန်းနှင့် မြန်မာနိုင်ငံ ပုဂံမြို့အကြား ချစ်ကြည်ရေးညီအစ်မသတ်မှတ်ရေးကိစ္စရပ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

ထို့ပြင် စိုက်ပျိုးရေး၊ နည်းပညာဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။