လောကနီတိ

အခန်း(၁) ပဏ္ဍိတကဏ္ဍ
ပညာရှိတို့ကိုဆိုသောအခန်း

(၁) ငါသည် ရတနာသုံးပါးကို ရှိခိုးပြီး၍ အထူးထူးသော ကျမ်းဂန်တို့မှ ကောက်နုတ်အပ်သော လောကနီတိအမည်ရှိသော ဤကျမ်းကို မာဂဓ (ပါဠိ) ဘာသာဖြင့် အကျဉ်းမျှ ဆိုအံ့။

(၂) စင်စစ် ဤကျမ်းသည် လောက၌ ယောက်ျားတို့၏အနှစ်လည်း မည်၏။ မိဘလည်း မည်၏။ ဆရာလည်းမည်၏။ အဆွေခင်ပွန်းလည်း မည်၏။ ထို့ကြောင့် ဤနီတိကျမ်းကို သင်ကြားတတ်မြောက်သောယောက်ျားသည်.အကြားအမြင်များသော၊ မြင့်မြတ်သော ပညာတတ်ယောက်ျား ဖြစ်၏။

(၃) ပျင်းသောသူအား အတတ်ပညာ အဘယ်မှာတတ်အံ့နည်း။ အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်း အဘယ်မှာရအံ့နည်း။ အဆွေခင်ပွန်း မရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှု အဘယ်မှာ ရအံ့နည်း။ ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။

(၄) အတတ်နှင့်တူသောဥစ္စာသည် မရှိ။ အတတ်ကို ခိုးသူတို့သည် မယူနိုင်ကုန်။ ဤလောက၌ အတတ်သည်ကား အဆွေခင်ပွန်း ဖြစ်၏။ တမလွန်ဘဝ၌ ချမ်းသာကို ဆောင်တတ်၏။

(၅) အကြားအမြင်ပညာကို နည်း၏ဟူ၍ မအောက်မေ့ရာ။ မိမိစိတ်ထဲ၌ သွင်းထားရာ၏။ တောင်ပို့၌ ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့တည်း။

(၆) နှုတ်မှုပညာကိုလည်းကောင်း၊ လက်မှုပညာကိုလည်းကောင်း ငယ်သည်ဟူ၍ မအောက်မေ့ရာ။ ကုန်စင်အောင်တတ်မှုကား တစ်ခုသောအတတ်သည်လည်း အသက်မွေးဝမ်းကျောင်း ဖြစ်ပါသည်သာလျှင်တည်း။
(၇) တောင်တောင်ဟူသမျှ၌ ပတ္တမြား မရှိ။ ဆင်ဆင်ဟူသမျှ၌ အမြုတေ မရှိ။ တောတောဟူသမျှ၌ စန္ဒကူးမရှိ။ အရပ်တိုင်း အရပ်တိုင်း၌ ပညာရှိသုခမိန် မရှိ။
.
(၈) သုတနှင့်ပြည့်စုံသော ပညာရှိသည်အကြင်အရပ်၌ ရှိ၏ဟူ၍ အကယ်၍ ကြားငြားအံ့၊ ထိုအရပ်သို့ သုတရှာသော အမျိုးကောင်းသားသည် သည်းစွာအားထုတ်၍ သွားရာသည်သာလျှင်တည်း။

(၉) အတတ်ကို ဖြည်းဖြည်းသင်ရာ၏။ ဥစ္စာကို ဖြည်းဖြည်းရှာရာ၏။ တောင်ကို တက်သောသူသည် ဖြည်းဖြည်း တက်ရာ၏။ ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏။ အမျက်ကို ဖြည်းဖြည်း ထွက်ရာ၏။ ဤငါးပါးတို့ကို ဖြည်းဖြည်း အလိုရှိရာ၏။
.

´(၁ဝ) အကြားအမြင်အတတ်သည်လည်းကောင်း၊ ဓမ္မအတတ်သည် လည်းကောင်း၊ သင်္ချာဂဏန်းအတတ်သည် လည်းကောင်း၊ တံစည်း စူးဆောက် အတတ်သည်လည်းကောင်း၊ နီတိကျမ်းအတတ်သည်လည်းကောင်း၊ ယာယီယတြာစသော ဗျာကရိုဏ်းအတတ်သည်လည်းကောင်း၊ စောင်း စသော ကဗျာအတတ်သည်လည်းကောင်း၊ လက်ပစ်အတတ်သည်လည်းကောင်း၊ ဒူးလေး လင်းလေးအတတ်သည်လည်းကောင်း၊ စကားဟောင်းအတတ်သည်လည်းကောင်း။

(၁၁) ဆေးအတတ်သည်လည်းကောင်း၊ ရယ်ရွှင်မှုအတတ်သည်လည်းကောင်း၊ ဗေဒင်အတတ်သည်လည်းကောင်း၊ လှည့်ပတ်တတ်သောအတတ်သည်လည်းကောင်း၊ ဆန်းကျမ်းအတတ်သည်လည်းကောင်း၊ သံတမန်အတတ်သည်လည်းကောင်း၊ မန္တန်အတတ်သည်လည်းကောင်း၊ သဒ္ဒါကျမ်းအတတ်သည့်လည်းကောင်း ဤသည်တို့ကား ဆယ့်ရှစ်ပါးသော အတတ်တို့တည်း။

(၁၂) လောက၌ ပညာရှိသည်သူ မမေးမူကား စည်ကြီးသဖွယ် ဖြစ်၏။ သူတည်း မေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။ လူမိုက်သည် မေးသော်လည်းကောင်း၊ မမေးသော်လည်းကောင်း၊ အခါခပ်သိမ်းများစွာလည်း တတ်ပြောတတ်သည်သာလျှင်တည်း။

(၁၃) လောက၌ ပေတို့၌ အကြင်အတတ်သည်လည်းကောင်း၊ သူတစ်ပါးတို့၏ လက်တို့၌ အကြင်ဥစ္စာသည်လည်းကောင်း ရှိ၏။ ပြုဖွယ်ကိစ္စသည်ဖြစ်လတ်သော် ထိုပေ၌ရှိသော အတတ်သည်လည်းကောင်း အတတ်မမည်။ ထိုသူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။

(၁၄) လောက၌ ရေတိမ်ရေနက်ကိုကား ကုမုဒြာကြာကို မြင်သဖြင့် သိအပ်၏။ အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် သိအပ်၏။ ပညာရှိ မရှိကိုကား ဆိုသောစကားဖြင့် သိအပ်၏။ မြေကောင်းမကောင်းကိုကား မြက်ညှိုးမညှိုးကိုမြင်သဖြင့် သိအပ်၏။

(၁၅) လောက၌ နည်းသောသုတရှိသူသည် နည်းသောသုတကို အများအောက်မေ့တတ်၏။ မာန်မာနရှိတတ်၏။ အဘယ်သို့နည်းဟူမူကား သမုဒ္ဒရာရေပြင်ကို မမြင်ဘူးသော ဖားသူငယ်သည် တွင်းဝ၌ ရေကို အများထင်သကဲ့သို့တည်း။

(၁၆) လောက၌ ပထမအရွယ်၌ကား အတတ်မရတုံအံ့။ ဒုတိယအရွယ်၌ကား ဥစ္စာမရတုံအံ့။ တတိယအရွယ်၌ကား တရားမရတုံအံ့။ စတုတ္ထအရွယ်တိုင်မှာကား အဘယ်မူစအံ့နည်း။

(၁၇) ချစ်သားတို့. . . အတတ်ပညာသင်ကုန်လော့။ အဘယ်ကြောင့် ပျင်းရိဘိသနည်း။ ချစ်သားတို့ နေ့တိုင်းနေ့တိုင်း အတတ်ပညာသင်ကုန်လော့။ အတတ်ပညာ မရှိသောသူသည် သူ၏ဝန်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို လောက၌ သူတစ်ပါးတို့ ပူဇော်အပ်၏။

(၁၈) အကြင်အမိသည် သားငယ်ကို အတတ်ပညာ သင်မပေး။ အတတ်ပညာသင်၍ မပေးသော အမိသည် ရန်သူ မည်၏။ အကြင်အဖသည် အတတ်ပညာသင် ၍မပေး။ အတတ်ပညာသင်၍ မပေးသောအဖသည် ရန်သူ မည်၏။ ထိုအတတ်ပညာ မရှိသောသူသည် ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။

(၁၉) တောင်ချောက်ကြား၌ ရောက်သောဆူးကို ဘယ်သူထက်စိမ့်ချွန်သနည်း။ မိမိအလိုလိုသာလျှင် ထက်ပချေ၏။ သမင်တို့၏ မျက်စိ၌.ဘယ်သူမျက်စဉ်းခတ်၍ ကြည်သနည်း။ မိမိအလိုလိုသာလျှင် ကြည်ပချေ၏။ ညွန်၌ကြာကို ဘယ်သူအနံ့ကောင်း ထည့်ပေးချေသနည်း။ အလိုလိုသာလျှင် အနံ့ကောင်းထုံ၏။ အမျိုးကောင်းသား၏ သဘောသည် ဘယ်သူပြု၍ ဖြစ်သနည်း။ မိမိအလိုလိုသာ ဖြစ်ပချေ၏။

(၂ဝ) ထုံးမရှိသော ကွမ်းသည်.အရသာမရှိ။ ဥစ္စာမရှိသူ၏ တန်ဆာဆင်ခြင်းသည်လည်း အရသာမရှိ။ ဆားမရှိသော စားဖွယ်သည်လည်း အရသာမရှိ။ အတတ်မရှိသော သူ၏ ပျို့ကဗျာ ဖွဲ့ခြင်းသည်လည်း အရသာမရှိ။

(၂၁) နာခြင်း မှတ်ခြင်း၌ ကောင်းစွာ အားထုတ်သောသူသည် သုတဖြင့် ပြည့်စုံ၏။ သုတပညာဖြင့် ပွား၏။ သုတပညာဖြင့် အနက်ကိုသိ၏။ သိအပ်သော အနက်သည် ချမ်းသာကို ဆောင်၏။

(၂၂) လောက၌ အစာစားခြင်းသည် လည်းကောင်း၊ မေထုန်မှီဝဲခြင်းသည် လည်းကောင်း၊ အိပ်ခြင်းသည်လည်းကောင်း၊ နွား၌ လည်းကောင်း၊ ယောက်ျား၌လည်းကောင်း ရှိ၏။ အတတ်ပညာ ဟူသည်ကား ယောက်ျားအား အထူးပေတည်း။ အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။

(၂၃) လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည် မရှိ။ အနာနှင့်တူသော ရန်သူသည် မရှိ။ ကိုယ်နှင့်တူသော ချစ်သော သူမည်သည် မရှိ။ ကံနှင့်တူသောအားသည် မရှိ။

(၂၄) လောက၌ ဟင်္သာသည် ကျီးတို့၏ အလယ်၌ မတင့်တယ်။ ခြင်္သေ့သည် နွားတို့၏အလယ်၌ မတင့်တယ်။ မြင်းသည် မြည်းတို့၏ အလယ်၌ မတင့်တယ်။ လူမိုက်တို့၏ အလယ်၌ ပညာရှိသည် မတင့်တယ်။

(၂၅) သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့၊ ထိုသူမိုက်သည် တရားကိုမသိ။ အဘယ်ကဲ့သို့ နည်းဟူမူ ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့တည်း။

(၂၆) ပညာရှိသည် တစ်ခဏမျှလည်း ပညာရှိကို ဆည်းကပ်စေကာမူ တရားကို လျှင်စွာသိ၏။ အဘယ့်ကြောင့်ဆိုသော် လျှာသည် ဟင်း၏အရသာကို သိသကဲ့သို့တည်း။

(၂၇) ရဲရင့်သောသူသည် လက်နက်ကိုကင်း၍ စစ်မြေပြင်အရပ်ကို မသွားရာ။ ထို့အတူ ပညာရှိသည် ကျမ်းဂန်ကိုကင်း၍ စကားမဆိုရာ။ အဓွန့်ရှည်သောခရီးသို့သွားသော ကုန်သည်သည် အဖော်ကိုကင်း၍ မသွားရာ။ အရပ်တစ်ပါးသို့သွားသောသူသည် အဖော်ကို ကင်း၍ မသွားရာ။

(၂၈) လောက၌ ဥစ္စာပျက်ခြင်းသည်လည်းကောင်း၊ နှလုံးပူပန်ခြင်းသည် လည်းကောင်း၊ အိမ်၌ မကောင်းမှုကို ပြုကျင့်ခြင်းတို့ကို လည်းကောင်း၊ လှည့်ပတ်ခြင်းကိုလည်းကောင်း၊ မထီမဲ့မြင်ပြုခြင်းကို လည်းကောင်း၊ ပညာရှိသည် ထင်ရှားမပြရာ။

(၂၉) လောက၌ အရေးအခွင့်ရောက်သည်နှင့်လျော်သော စကားကို လည်းကောင်း၊ ကိုယ့်အား လျောက်ပတ်သော ချစ်အပ်သောသူကို လည်းကောင်း၊ ကိုယ်နှင့် တန်ရုံသောအမျက်ကို လည်းကောင်း အကြင်သူသည် သိတတ်၏။ ထိုသူသည် ပညာရှိမည်၏။

(၃၀) ဥစ္စာမရှိဘဲလျက် အရသာစားကြူးသောသူ၊ ခွန်အား မရှိဘဲလျက် အသတ်အပုတ် ကြိုက်တတ်သောသူ၊ ပညာမရှိဘဲလျက် စကားလိုလားသောသူ၊ ဤသူတို့ကား သူရူးနှင့် တူကုန်၏။


(၃၁) သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊ သူမမေးဘဲ စကားများများ ပြောတတ်သောသူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။

(၃၂) အဆင်းမလှသော သူသည် စကားများတတ်၏။ ပညာနည်းသောသူသည် ထင်ရှားပြတတ်၏။ ရေမပြည့်သောအိုးသည် ချောက်ချားတတ်၏။ နို့ရည်မထွက်သော နွားမသည် ကျောက်ကန်တတ်၏။

(၃၃) ဖားသူငယ်သည်လည်း ဆောင့်ကြောင့်ထိုင်တတ်ကာမူ ခြင်္သေ့ဟုထင်၏။ ကျီးတည်းချီမူကား၊ ချစ်ဆွေ ချစ်ဆွေဟု မြည်တတ်၏။ ပညာမရှိသော သူမိုက်သည်လည်း မိမိကိုယ်ကို ပညာရှိထင်ခြင်းကြောင့် ပညာရှိတို့သည် မေးလတ်သော် ငါ့ရှင်ငါ့ရှင်ဟု ချစ်စဖွယ်သောစကားကို ဆိုတတ်၏။

(၃၄) ဖားသူငယ်သည်လည်း ဆောင့်ကြောင့်ထိုင်ခြင်း တူမူကား.ခြင်္သေ့ဟူ ကောင်းအံ့လော။ ဝက်သည်လည်း အုတ်အုတ် မြည်တတ်ကာမူ ကျားသစ်ဟူကောင်း အံ့လော။ ကြောင်သည်လည်း အဆင်းသဏ္ဌာန်တူကာမူ ကျားဟူကောင်းအံ့ လော။ ပညာရှိတို့သည်လည်း အတတ်ချင်း တူကောင်းအံ့လော။

(၃၅) မင်းတို့သဘော မည်သည်ဥစ္စာ၌ ရောင့်ရဲခြင်း မရှိ၊ မျက်စိသည်လည်း ချစ်သောသူကို မြင်ခြင်း၌ ရောင့်ရဲခြင်း မရှိ။ သမုဒ္ဒရာသည် ရေ၌ ရောင့်ရဲခြင်း မရှိ။

(၃၆) အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်း ပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း အတတ်ပညာမှ ယုတ်ခဲ့မူကား မတင့်တယ်ကုန်။ ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။

(၃၇) လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက် မင်း၏အမတ် ဖြစ်တတ်၏။ လူမိုက်၏ သားဖြစ်လျက်လည်း ပညာရှိ ဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏သား ဖြစ်လျက်လည်း ဥစ္စာများတတ်၏။ ထို့ကြောင့် ယောက်ျားတို့အား မထီမဲ့မြင် မပြုကုန်ရာ။

(၃၈) အကြင်တပည့်သည် အတတ်ပညာလိုသဖြင့် အထူးထူး အပြားပြားများစွာ သင်တတ်၏။ ထိုတပည့်လည်း အတတ်ကို အိပ်မက်ကိုမြင်သော သူအကဲ့သို့ ပြန်ဆိုခြင်းငှာ မစွမ်းနိုင်ရာ။

(၃၉) အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ မခတ်၊ တင့်တယ်စိမ့်သောငှာ ခတ်၏။ ဆရာသည် တပည့်တို့အား အပယ်ဆင်းရဲသို့ ကျစေခြင်းငှာ မပုတ်ခတ်၊ အတတ်ပညာ အစီးအပွားဟူသော အကြောင်းကြောင့် ပုတ်ခတ်၏။

(၄ဝ) အကြင်သူသည် တောင်ဇလပ်ပန်းကိုလျှင် ပေါက်ဖက်နှင့် ထုပ်၏။ ထိုသူ၏ တောင်ဇလပ်ပန်းသည်သာလျှင် ကောင်းသောအနံ့ကို လှိုင်စေသည်ကား မဟုတ်။ ပေါက်ဖက်တို့သည်လည်း ကောင်းသောအနံ့ကို လှိုင်စေကုန်၏။ ထို့အတူ ပညာရှိနှင့် ပေါင်းဖက်မှီဝဲရသောသူတို့ကို မှတ်အပ်၏။