မွေးမြူရေးလုပ်မယ်ဆို ကြွက်ကိုလျှော့မတွက်ပါနဲ့

မွေးမြူရေးခြံတစ်ခြံရဲ့ ကုန်ကျစရိတ် အနည်းဆုံး သုံးပုံနှစ်ပုံဟာ တိရစ္ဆာန်အစာအတွက် ကုန်ကျစရိတ်ဖြစ်ပါတယ်။
အခုဆို အစာဈေးတွေကလည်း ကြီးလွန်းလှပါတယ်။ ဒါကြောင့် အစာကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့၊ အစာအလေအလွင့် နည်းနိုင်သမျှနည်းဖို့ စီမံခန့်ခွဲမှုက အရေးပါလာပါတယ်။ ဒီလိုအစာအလေအလွင့်လျှော့ချရာမှာ မဖြစ်မနေထည့်သွင်းစဉ်းစားရတဲ့ အချက်တစ်ချက်ကတော့ “ကြွက်နှိမ်နှင်းရေး” ပါပဲ။
အိမ်ကြွက်နဲ့ မြေကြွက်
အိမ်ကြွက်က သက်တမ်းအားဖြင့် အသက် ၁ နှစ်ခွဲကနေ ၂ နှစ်ခွဲအထိ ရှင်သန်နိုင်ကြပါတယ်။ လယ်ကြွက်ကြီးတွေ၊ မြေကြွက်တွေလို အကောင်ကြီးတွေကတော့ အသက် ၂ နှစ်ကနေ ၃ နှစ်အထိ ရှင်သန်နိုင်ကြပါတယ်။ တူညီတဲ့အချက်ကတော့ မွေးမြူရေးခြံမှာ အစာအလေအလွင့်ကို ဖြစ်စေပြီး ရောဂါပိုးတွေကို ပျံ့နှံ့စေတာပါပဲ။
ကြွက်နဲ့ မွေးမြူရေးခြံ
ကြွက်တွေ ရှင်သန်ကြီးထွား ပွားများနိုင်ဖို့အတွက် အဓိကအချက် ၃ ရပ် လိုအပ်ပါတယ်။ အဲဒါတွေကတော့
(၁) နေစရာနဲ့ အသိုက်ဖွဲ့စရာနေရာ၊
(၂) အစာ နဲ့
(၃) ရေ တို့ပဲ ဖြစ်ပါတယ်။
မွေးမြူရေးသမားအတွက် ကံဆိုးတာကတော့ အဲဒီ ကြွက်တွေအတွက် လိုအပ်ချက် ၃ ရပ်လုံးကို မွေးမြူရေးခြံတွေက ပံ့ပိုးထားလို့ပါပဲ။
မွေးမြူရေးခြံဟာ ကြွက်တွေ ခိုအောင်းဖို့၊ မျိုးပွားဖို့ အလွန် လုံခြုံတဲ့နေရာ ဖြစ်ပါတယ်။ တိရစ္ဆာန်တွေကို ကျွေးမွေးထားတဲ့ အစာနဲ့ ရေဟာ
ကြွက်တွေအတွက် အင်မတန် အာဟာရဖြစ်တဲ့ အစာအာဟာရတွေ ဖြစ်နေပြန်ပါတယ်။
ကြွက်ကောင်ရေ ခန့်မှန်းချက်
ကြွက်ရှိတဲ့ လက္ခဏာတချို့ တွေ့ရပေမယ့် ကြွက်ကို မမြင်ရသေးဘူးဆိုရင် မိမိရဲ့ မွေးမြူရေးခြံအဝန်းအဝိုင်းထဲမှာ ကြွက်ကောင်ရေ
အနည်းဆုံး ၁ ကောင်ကနေ အများဆုံး အကောင် ၁၀၀ အထိ ရှိနေပါတယ်။ ညဖက်တွေမှာ ကြွက်ဖြတ်သွားတာမျိုး တခါတရံ တွေ့ရတတ်တယ်ဆိုရင် မိမိရဲ့ မွေးမြူရေးခြံဝန်းထဲ မှာ ကြွက်ကောင်ရေ ၁၀၀ ကနေ ၅၀၀ အထိ ရှိနေနိုင်ပါတယ်။
ညဖက်မှာ ကြွက်တွေ အတော်များများတွေ့ရပြီး နေ့အခါမှာလည်း တခါတရံ တွေ့ရတတ်တယ်ဆိုရင် တော့ ကြွက်ကောင်ရေ ၅၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိနေနိုင်ပါတယ်။
နေ့အချိန်မှာတောင် ကြွက်တွေ သွားလာလှုပ်ရှားနေတာကို အတော်များများတွေ့ရတယ်ဆိုရင်တော့ ကြွက်ကောင်ရေ ၅၀၀၀ လောက်အထိ ရှိနေနိုင်ပါတယ်။
မိမိရဲ့ မွေးမြူရေးခြံမှာ ကြွက်တစ်ကောင်တွေ့လိုက်တိုင်းမှာ မိမိမမြင်ရတဲ့ ကြွက်ကောင်ရေ ၂၀ ကနေ ၅၀ လောက်အထိ ရှိနိုင်တယ်ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။
အရေးကြီးသော ကြွက်နှိမ်နှင်းရေး
ကြွက်တွေရဲ့ အလွန်ပွားများလွယ်တဲ့ သဘာဝရယ်၊ မိမိတို့မွေးမြူရေးခြံဟာ ကြွက်တွေအတွက် အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေတာရယ်ကြောင့် မွေးမြူရေးခြံမှာ ကြွက်တွေများဖို့ အလွန်လွယ်ကူပါတယ်။ တစ်ဖက်မှာ တော့ ကြွက်တွေကြောင့် ဆုံးရှုံးလေလွင့်ရတဲ့ အစာတန်ဖိုးဟာ သိပ်ကို ကြီးမားလွန်းပါတယ်။ ဒါကြောင့် အစာဖိုးကုန်ကျစရိတ်ကို ချွေတာဖို့ စဉ်းစားရာမှာ ကြွက်နှိမ်နှင်းရေးဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။)