လာမည့် နွေရာသီအတွက် လီဗာပူး ပရိတ်သတ်တွေကို ကတိပေးမှု လုပ်သွားခဲ့တဲ့ ယာဂန်ကလော့

💢Feb 19 2023💢

ဂျူ့ဘယ်လင်ဟမ်ဟာ လာမည့်နွေရာသီမှာ လီဗာပူး အသင်းရဲ့ ထိပ်တန်းပစ်မှတ် အဖြစ် ရှိနေမှာ ဖြစ်ပြီး ယာဂန်ကလော့က သူ့ရဲ့ အသင်းဟာ အပြောင်းအလဲတွေ မဖြစ်မနေ လုပ်သွားရမှာ ဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။ လီဗာပူး အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားရန် လိုအပ်တယ်ဆိုတာ ဒီိရာသီမှာ အထင်အရှား ဖြစ်ပြီး ကလော့ရဲ့ အသင်းဟာ 2022-23 ရာသီမှာ ပြီးခဲ့တဲ့ ရာသီတွေက level တွေကို ပြသနိုင်ရန် ရုန်းကန်နေရပါတယ်။

အထူးသဖြင့် လီဗာပူး ကွင်းလယ်ပိုင်းဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ လုပ်သွားရန် လိုအပ်နေပြီး ဒီရာသီ ကလော့ရဲ့ အသင်း ရုန်းကန်နေရတဲ့ အဓိက အကြောင်းရင်း တစ် ဖြစ်ပါတယ်။ ဖာဘင်ညို ဟန်ဒါဆန် တို့ဟာ အကျပိုင်းကို ရောက်နေတဲ့အပြင် တီယာဂိုအယ်ကန်တာရာကလည်း ခံစစ်ကစားပုံ လိုအပ်ချက် ရှိနေသူ ဖြစ်ပြီး မီနာ ကီတာ နဲ့ ချိန်ဘာလိန် တို့ကလည်း နွေရာသီမှာ ကလပ်ကနေ ထွက်ခွာသွားဖို့ ရှိနေပါတယ်။

လီဗာပူးဟာ မနေ့ညက top 4 နေရာက နယူးကာဆယ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် နေရာနဲ့ ၆ မှတ်အကွာကို ရောက်လာခဲ့ပေမယ့် ခြေစွမ်းပိုင်းက အားရစရာမကောင်းသေးတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ဖို့က သေချာမှုတော့ မရှိပါဘူး။ အကယ်၍ လာမည့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်သာ မရဘူးဆိုရင် ဂျူ့ဘယ်လင်ဟမ်လို ကစားသမားမျိူးကို ဆွဲဆောင်နိုင်ပမလား ဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။

ကလော့က လီဗာပူးဟာ လာမည့် နွေရာသီမှာ လုံးဝကို active ဖြစ်နေလိမ့်မယ်လို့ ရှင်းလင်းစွာ ပြောကြားခဲ့ပေမယ့်လည်း ပိုင်ရှင်တွေ ငွေကြေး ထုတ်ပေးတဲ့ ကိစ္စကတော့ သူ့လက်ထဲမှာ ရှိမနေဘူးလို့ ဆိုလိုက်ပါတယ် ။

ချန်ပီယံလိဂ်ဝင်ခွင့် မရခြင်းဟာ ဂျူ့ဘယ်လင်ဟမ်ကို ခေါ်ယူရန် ကြိုးစားတဲ့နေရာမှာ သက်ရောက်မှု ရှိလာနိုင်သလားဆိုတဲ့ မေးခွန်းကို ကလော့က “ကျနော်တို့ဟာ လီဗာပူး အသင်း အဖြစ် ရှိနေဆဲပါ။ ကျနော်တို့ဟာ ကြီးကြယ်တဲ့ ကလပ် ဖြစ်ပါတယ်။ ကျနော်တို့ မလုပ်နိုင်တာ ဘာမှ မရှိပါဘူး။ ကျနော်တို့ အပြောင်းအရွေ့တွေ လုပ်ဆောင်သွားမယ် ဆိုတာ အသိသာကြီးပါ။ နွေရာသီမှာ ကျနော်တို့ အအပြောင်းအလဲတွေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဒါကို လူတိုင်း သိထားပြီးသားပါ။

ဒါတွေဟာ ဖြစ်လာမှာပါ။ ငွေဘယ်လောက် သုံးစွဲသွားမှာလဲ? ဒါကတော့ ကျနော့် လက်ထဲမှာ ရှိမနေပါဘူး။ ကျနော်တို့ဟာ ဒီကိစ္စနဲ့ ပက်သက်ပြီး တောက်လျှောက် ‌ပြောဆိုမှုတွေ လုပ်နေပါတယ်။ အပြင်မှာလည်း ကျနော်တို့ ဘာတွေ လိုအပ်နေသလဲဆိုတာကို ပြောဆိုမှု‌တွေ ရှိနေပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ဘာတွေ လိုအပ်တယ်ဆိုတာကို အားလုံး သိထားပြီး ဖြစ်မှာပါ။” လို့ပြောသွားပါတယ်။

လီဗာပူးရဲ့ အပြောင်းအရွေ့ ဈေးကွက်မှာ ငွေသုံးစွဲနိုင်မှု အတိုင်းအတာဟာ ownership အခြေအနေပေါ်မှာ အဓိက မူတည်နေပြီး Fenway Sports Group ဟာ လက်ရှိအချိန်မှာ ရင်းနှီးမြှပ်နှံမှု အသစ်တွေ ရှာဖွေနေပါတယ်။ အသင်းပိုင်ရှင် ဂျွန်ဟင်နရီက လက်ရှိမှာ သူတို့ဟာ ကလပ်ကို အလုံးစုံ ရောင်းချတာထက်စာရင် strategic partner ကိုသာ ရှာဖွေနေတယ်လို့ ဆိုထားပါတယ်။

credit