ထွက်သက်ဆုံးသည့်တိုင်

အပိုင်းလွန်ခဲ့သောနှစ် စစ်ဆင်ရေးထွက်ခါနီးစဉ်ကလည်း တပ်ရင်းတစ်ရင်းလုံး ရှေ့တန်းထွက်ခွာကြ ရန်တန်းစီနေချိန် အောင်ကိုမင်းတစ်ယောက် ရီဝေရီဝေဖြင့် တန်းစီကွင်းသို့ ချိုင်းထောက်အားပြု၍ ချီတက်လာပြီး တိုက်ခိုက်ရေးတပ်ခွဲအတွင်း ဝင်ရောက်တန်းစီကာ ရှေ့တန်းသို့ သူပါလိုက်မည်လုပ်တော့ သည်။ ထိုအခါ သူငယ်ချင်းဖြစ်သူ တပ်သားမင်းအောင်က –

“ငါတို့က ရှေ့တန်းသွားမှာကွ၊ မင်း ဘယ်လိုလုပ်လိုက်လို့ရမှာလဲ၊ သွား သွား” ဟု ပြောလိုက်သည် တွင် အောင်ကိုမင်းတစ်ယောက် မျက်နှာနီရဲကာ ဒေါသတကြီးဖြင့် ပြန်ပြောတော့သည်။

“ငါ့မှာ ခြေထောက်တစ်ဖက်မရှိလို့ မင်းတို့က အထင်သေးတာလား၊ ငါလဲစစ်သားပါကွ၊ ဟေ့ကောင် ငါရထားတဲ့သူရဲကောင်း လက်မှတ်ပြန်အပ်လိုက်လို့   ငါ့ခြေထောက်တစ်ဖက် အကောင်းအတိုင်းပြန်ရ မယ်ဆိုရင် ငါအခုပြန်အပ်ပြီး မင်းတို့နဲ့အတူလိုက်မယ်ကွ”

“သူရဲကောင်းဖြစ်ဖို့  ငါ စစ်တိုက်ခဲ့တာမဟုတ်ဘူးကွ၊ ငါ့တာဝန်ကို ငါကျေအောင်လုပ်ခဲ့တာ၊ အခုတော့ မင်းတို့က ငါ့ကိုမောင်းထုတ်တယ်ကွာ၊ အီး . . . ဟီး. . . ဟီး”

အောင်ကိုမင်းက ပြောလည်းပြော ငိုလည်းငိုတော့ရာ တပ်ခွဲမှူးဗိုလ်ကြီးမျိုးမင်းသူမှာ ဝင်ရောက် ချော့မော့ဖျောင်းဖျရတော့သည်။

“မင်းကို မောင်းထုတ်တာ မဟုတ်ပါဘူးတပည့်ရာ၊  ဆေးအဆင့်နိမ့်စစ်သည်တွေ ရှေ့တန်းလိုက်လို့ မရတာ မင်းလဲသိသားပဲ၊ မင်းနဲ့ အတူဒဏ်ရာရပြီး ဆေးအဆင့်ချထားတဲ့သူတွေလဲ တပ်မှာပဲနေကြရ တာလေကွာ၊ ဘာမှစိတ်မကောင်းဖြစ်မနေနဲ့၊ အရက်တွေလဲလျှော့သောက်၊  ငါရှေ့တန်းသွားနေတဲ့အချိန်  ဘာသံမှမကြားချင်ဘူး၊ လိမ်လိမ်မာမာနေခဲ့၊  ကြားလား တပည့်”

တပ်ခွဲမှူးက နှစ်သိမ့်စကားဆိုတော့ အောင်ကိုမင်းမှာ ခေါင်းငုံ့လျက် မျက်ရည်များကိုသာ လက် ဖမိုးဖြင့်သုတ်ရင်း ခေါင်းညိတ်ပြရှာသည်။ ရှေ့တန်းထွက်မည့်ယာဉ်တန်း စတင်ထွက်ခွာချိန်တွင်လည်း အောင်ကိုမင်းခမျာ ယာဉ်တန်းအစအဆုံး  လက်တင်အလေးပြုရင်း မျက်ရည်လည်ရွဲဖြင့် ကျန်ခဲ့ရှာလေ သည်။

“သြော် . . . တာဝန်ကျေအောင်  ထမ်းဆောင်ခဲ့တာပါ” တဲ့။

+++++

“ဒေါင် . . . ဒေါင် . . . ဒေါင် . . . ဒေါင်”

ဗိုလ်ကြီးမျိုးမင်းသူမှာ သူ့တပည့်အောင်ကိုမင်းနှင့်ပတ်သက်သောအစိတ်အပိုင်းအချို့ကို စဉ်းစားရင်း အတွေးနယ်လွန်လျက်ရှိရာ ဗဟိုကင်းဆီက နာရီသံချောင်းခေါက်သံလေးချက်ကြားတော့မှ မနက်လေးနာရီ ထိုးမှန်း သတိပြုမိသည်။ ခဏတော့ မှေးဦးမှရမည်ဟုတွေးကာ မှိန်းနေခိုက် –

“ဒေါက် . . . ဒေါက်”

တာဝန်မှူးရုံးခန်းအပြင်က တံခါးခေါက်သံကြောင့် သူ လူးလဲထလိုက်သည်။

“ဘယ်သူလဲ”

“တပည့်ပါ၊ အောင်ကိုမင်းပါ ဗိုလ်ကြီး”

သူတံခါးထဖွင့်ရင်း ကြည့်လိုက်တော့ အောက်ပိုင်းက ပုဆိုးတိုတိုဝတ်ထားပြီး အပေါ်ကစွပ်ကျယ်နှင့်။ တစ်ကိုယ်လုံး ရေများစိုရွှဲလျက်။ ခြေတုတွင်စွပ်ထားသောဖိနပ်မှာ သည်းကြိုးတစ်ချောင်းပြတ်နေ၍ သွပ်နန်းကြိုးဖြင့်ချည်ကာ ခြေတုဖြင့် တွဲထားလိုက်သေးသည်။

“မင်းကွာ ဘယ်တွေလျှောက်သွားနေတာလဲ၊ ငါတို့မှာ လိုက်ရှာလိုက်ရတာ”

“ကျွန်တော် ဘယ်မှမသွားပါဘူး၊ တပ်ထဲမှာပဲရှိပါတယ်၊ ဗိုလ်ကြီးတို့လိုက်ရှာနေတယ်ဆိုလို့ စိတ် မပူအောင်လာပြောတာပါ၊ သွားတော့မယ်နော်”

“ဟေ့ကောင် နေအုံးနေအုံး၊ ဆရာကြီးစိုးမင်းကိုခေါ်ပြီး လိုက်ပို့ခိုင်းလိုက်မယ်”

“. . .”

ဗိုလ်ကြီးမျိုးမင်းသူသည် သူ့ကိုဘာမှပြန်မပြောဘဲ ခြေတုကိုအားပြုကာ အတင်းလှည့်ထွက် သွားသောတပည့်ကျော်၏ကျောပြင်အားကြည့်ကာ  ကြောင်ငေးနေမိသည်။

+++++

“ဗိုလ်ကြီး . . . ဗိုလ်ကြီး၊ ထပါအုံး”

အခန်းရှေ့က ဆူဆူညံညံအသံများနှင့် သူ့ကိုနှိုးနေသံများကြောင့်  ဗိုလ်ကြီးမျိုးမင်းသူမှာ ယူနီဖောင်းပြင်ဝတ်၍ အပြင်ထွက်လိုက်သည်။  နာရီကြည့်လိုက်သည့်အခါ နံနက်ငါးနာရီပင်ခွဲချေပြီ။ အလင်း ရောင်က  မှုန်ပျပျပင်ရှိချေသေး၏။

“ဆရာကြီးစိုးမင်း ဘာရှိလို့လဲ”

“အောင်ကိုမင်းကို တွေ့ပြီ ဗိုလ်ကြီး”

“ဟုတ်ကဲ့ဆရာကြီး၊ ဒီကောင် မနက်လေးနာရီကျော်လောက်က ကျွန်တော့်ဆီလာသတင်းပို့ပြီး ပြန် သွားတာပဲ၊ ဆရာကြီးနဲ့လိုက်ပို့ခိုင်းမယ်လို့ဆိုတာကို ဘာမှပြန်မပြောဘဲ အတင်းထွက်သွားတာ”

ဆရာကြီးစိုးမင်းက ဗိုလ်ကြီးမျိုးမင်းသူကို နားမလည်စွာ ကြောင်ကြည့်နေသလို ဘေးနားရှိ တပ်ရင်း ဌာနချုပ်ရုံး တာဝန်ကျတပ်ကြပ်ကြီး/စာရေးကလည်း ပါးစပ်အဟောင်းသားဖြင့် ကြည့်နေပြန်သည်။ ပြီးမှ တာဝန်ကျတပ်ကြပ်ကြီးစာရေးက-

“ကျွန်တော်  မနက်လေးနာရီကတည်းကထပြီး ပြန်တမ်းတွေပို့ဖို့ စာရိုက်နေတာ၊ ကျွန်တော့် အခန်းလဲ တာဝန်မှူးရုံးနဲ့ကပ်နေတာပါပဲ၊ ရုံးကို ဘယ်သူမှလာတာမတွေ့ဘူးနော် ဗိုလ်ကြီး”

“ဟင်”

ဗိုလ်ကြီးမျိုးမင်းသူ  နားမလည်နိုင်စွာ အံ့သြနေမိသည်။  အောင်ကိုမင်း သူ့ဆီလာခဲ့ခြင်းက အိပ်မက်လား၊ တကယ်လား ဝေခွဲမရနိုင်တော့။

“ဆရာကြီးစိုးမင်း အောင်ကိုမင်းကို ဘယ်မှာတွေ့ခဲ့တာလဲ”

သူ မေးလိုက်တော့ တပ်ကြပ်ကြီးစိုးမင်းက တန်းစီကွင်းဆီ လက်ညှိုးထိုးပြသည်။ သူ တန်းစီကွင်း ထဲအမြန်သွားကြည့်လိုက်တော့ ဗဟိုကင်းရှိ စစ်သည်အချို့ကိုတွေ့ရပြီး ၎င်းတို့အနီးတွင် ခွေခွေလေးလဲနေ သော အောင်ကိုမင်း။

“သူ အသက်မရှိတော့ဘူး ဗိုလ်ကြီး”

“ဗျာ . . .  ဘယ်လိုဖြစ်တာလဲ”

“ကျွန်တော်တို့ မနက်အလံတင်ဖို့ တန်းစီကွင်းက အလံတိုင်ဆီလာတဲ့အချိန် တန်းစီကွင်းထဲမှာ လဲ နေတဲ့သူတွေ့လို့ လာကြည့်တော့မှ အောင်ကိုမင်းဖြစ်နေတာ ဗိုလ်ကြီး”

“ဖြစ်မှဖြစ်ရလေ တပည့်ကျော်ရာ”

သူ သေချာအောင်စမ်းကြည့်လိုက်တော့ အသက်ရှူသံငွေ့ငွေ့ပင်မရှိတော့။ လဲနေသည့်နေရာက လည်း ခွဲ(၃)တန်းစီရာနေရာတွင်ပင်ဖြစ်လေတော့ ဗိုလ်ကြီးမျိုးမင်းသူတစ်ယောက် ဝေခွဲမရခြင်းနှင့် ဝမ်းနည်းခြင်းတို့ တစ်ပြိုင်နက်ခံစားလိုက်ရပြီး တွေတွေကြီးရပ်နေမိသည်။

“မနက်တန်းစီနောက်ကျမှာစိုးလို့များ လာစောင့်နေခဲ့သလား တပည့်ရာ”

မကြာမီ တပ်ရေးဗိုလ်ကြီးနှင့် ဌာနချုပ်တပ်ခွဲမှူးတို့ရောက်လာကြပြီး အလောင်းကို ဆေးရုံပို့ရန် စီစဉ်ကြသည်။ အလင်းရောင်ကား ပီပီပြင်ပြင်ထင်လင်းလာပြီဖြစ်လေသည်။

တပ်ရင်းရှိ စစ်သည်၊ ရဲမေများလည်း ထိုသတင်းကိုကြားပြီး အလျှိုလျှိုရောက်လာကာ အောင် ကိုမင်းကိုလာကြည့်ရင်း သနားစိတ်ဖြင့် တီးတိုးတီးတိုးပြောဆိုနေကြသည်။ အချို့စစ်သည်၊ ရဲမေများ၏ မျက်ဝန်းတွင် မျက်ရည်ဥတို့ တွဲခိုလျက်ရှိနေသည်ကိုလည်း တွေ့နေရသည်။

အောင်ကိုမင်းက မူးသည့်အချိန်တွင်သာ အလွန်မူးတတ်သော်လည်း မသောက်ထားသော အခါများတွင် အလုပ်ကို ခိုင်းစရာမလိုအောင်လုပ်တတ်ပြီး လိုင်းထဲကရဲမေများ  ဘာအလုပ်ပဲခိုင်းခိုင်း ပေါ့ပါးသွက်လက်စွာ ကူညီဆောင်ရွက်ပေးတတ်သူလည်းဖြစ်သောကြောင့် ရဲမေများက သူ့ကို ချစ်ခင် ကြသည်။

“အဟင့် . . . ဟင့် . . . ဟင့်”

အောင်ကိုမင်းကို လာကြည့်နေကြသောရဲမေအုပ်စုထဲက အသံထွက်ငိုရှိုက်လိုက်သံတစ်ခုကိုကြား လိုက်ရသောအခါ အားလုံးအကြည့်က ထိုသူ့ဆီရောက်သွားကြပြီး ငိုရှိုက်လိုက်သူကို မြင်လိုက်ကြရသည့် ခဏ အားလုံးကိုယ်စီမှာ အံ့အားသင့်မှင်တက်မိသွားကြသည်။

အပိုင်း (၄) ဆက်လက်ဖော်ပြပါမည်။