မြေနီကုန်းမှာ လာသမျှကားတွေကို အမျိုးသားတစ်ဦးက သံတူရွင်းကိုင်ပြီး ခြိမ်းခြောက်

ရန်ကုန် စမ်းချောင်းမြို့နယ် မြေနီကုန်း ခုံးတံတားအောက်မှာ အမျိုးသမီး ၂ဦး စီးနင်းလာတဲ့ တက္ကစီကို အမျိုးသားတစ်ဦးက သံတူရွင်းကိုင်ဆောင်ကာ ခြိမ်းခြောက်ငွေ တောင်းရမ်းမှု တစ်ခု ဖြစ်ခဲ့တယ်လို့ ငွေတောင်းရမ်းခံရတဲ့ အမျိုးသမီးက ပြောကြားထားပါတယ်။

ဖြစ်စဉ်ကတော့ ဇန်နဝါရီ ၇ ရက်နေ့က မြေနီကုန်းခုံးတံတားအောက် ကာဗာနန်းတော် ဖုန်းအပိုပစ္စည်း အရောင်းဆိုင် မရောက်ခင်မှာ အဆိုပါ အမျိုးသမီး ၂ ဦးစီးနင်းလာသည့် တက္ကစီမှာ မီးပွိုင့်မိနေလို့ ရပ်တန့်နေစဉ်အတွင်း အသက် ၃၀ ဝန်းကျင်ခန့် ကတုံးဆံပင်ပေါက်တဲ့အမျိုးသားတစ်ဦးက သံတူရွင်းကိုင်ဆောင်လာပြီး ခြိမ်းခြောက် ငွေတောင်းတာလို့ ဆိုပါတယ်။

ခြိမ်းခြောက်ငွေတောင်းရမ်းခံရသည့် အမျိုးသမီးက “ မြေနီကုန်းခုံး တံတား‌အောက် ကာဗာနန်းတော်နား မရောက်ခင်လေးပါ ။ညီအမနှစ်ယောက် တက္ကစီနဲ့လာတာ မှန်ချထားပြီး မီးပွိုင့်မိနေတုန်း ကိုယ်ကမသိဘူး ဖုန်းသုံးနေတာ ပြတင်းပေါက်မှာကပ်ပြီး လက်တင်ပြီး သံတူရွင်းလိုဟာအချွန်အတိုနဲ့ကိုင်ပြီး ပိုက်ဆံ ၂ သောင်းပေးဆိုပြီး တောင်းတာ။ မပေးနိုင်ဘူးဆိုတော့ မပေးနိုင်ရင် ကားမသွားရဘူးဆိုပြီး ဖယ်မပေးပါဘူး။ တက္ကစီဦးလေးကြီးကိုလည်း ဝင်ပြောပေးပါဦးဆိုတာကို သူ့ဘာသာတင် ကြောက်နေတာနဲ့ နောက်ဆုံး ကိုယ်နည်းကိုယ့်ဟန်နဲ့ပြောပြီးပဲ ပိုက်ဆံ ၅၀၀၀ ပေးလိုက်မှ ထွက်သွားတာပါ။ ဒါတောင် ပိုက်ဆံအိတ်ပြဘာညာနဲ့ သူတောင်းစားမဟုတ်ဘူးဆိုပြီး ပေါ်တင်ကြီးလာပြီး လူမိုက်လုပ်တောင်းနေတာ။ သူတောင်းစားတွေ နေ့ခင်းကြောင်တောင်ကြီးကို တော်တော်ဆိုးနေပြီ။ အကျီပန်းရောင်နဲ့ ကတုံးဆံပင်ပေါက်နဲ့ သံတုတ်ကိုင်ပြီး မီးပွိုင့်မိတဲ့ ကားမှန်ဖွင့်ထားတဲ့ ကားတွေအကုန်လုံးကို အဲ့လိုလိုက်ပြီး ခြိမ်းခြောက်နေတာပါ” လို့ ပြောကြားထားပါတယ်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်ဖြစ်ပေါ်ပြီးနောက်ပိုင်းကာလ တွေကစပြီးတော့ ယခုနေ့ထက်တိုင် ရန်ကုန်မြို့မှာ လုယက်မှု၊ ခိုးမှု၊ ဓားပြမှုနဲ့ ယခုလိုမျိုး ခြိမ်းခြောက်ငွေတောင်းရမ်းမှုတွေ မကြာခဏ ဖြစ်နေလို့ သတိဖြင့် နေထိုင်သွားလာလို့ မြို့ခံတွေက ပြောကြားထားပါတယ်။