ရှမ်းယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်တို့ ကလပ်တန်ကြေးအမြင့်ဆုံးအဖြစ်ဦးဆောင်နေ

မြန်မာနေရှင်နယ်လိဂ်အသင်းများအကြား တန်ကြေးအမြင့်ဆုံးအသင်းတွေအဖြစ် ထိပ်သီးအသင်းနှစ်သင်းဖြစ် တဲ့ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်တို့က ထိပ်ဆုံးကနေ ဦးဆောင်ရပ်တည်နေကြောင်း transfermarkt ရဲ့ ဖေဖော်ဝါရီ ၁ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။ ရပ်တည်မှုအရ အသင်း ၁၂သင်းမှာ ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ မြဝတီ အက်ဖ်စီ၊ ISPE FC ၊ ဧရာဝတီယူနိုက်တက်၊ ရတနာပုံအက်ဖ်စီ၊ မဟာယူနိုက်တက်၊ GFA ၊ ရခိုင်ယူနိုက်တက်၊ ဒ ဂုံစတားနဲ့ ကချင်ယူနိုက်တက်တို့က အစဉ်လိုက်ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။

တန်ကြေးအရ လက်ရှိမြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းရဲ့ တန်ကြေးမှာ ယူရို၂.၈၆သန်း အထိရှိနေခဲ့ပြီး ရန်ကုန်ယူနိုက်တက်က ယူရို ၂.၂၃ သန်း၊ ဟံသာဝတီယူနိုက်တက်အသင်းက ယူရို ၁.၈၃သန်း အထိရှိနေခဲ့တာလည်းဖြစ်ပါတယ်။ Transfermarkt ရဲ့ စစ်တမ်းအရ ကလပ်အသင်းတစ်သင်းရဲ့တန်ကြေးကို ထိပ်သီးကစားသမားပိုင်ဆိုင်မှုအပေါ် အဓိကအခြေခံတွက်ချက်ထားတာဖြစ်ပြီး လက်ရွေးစင်ကစားသမားအများစုပိုင်ဆိုင်ထားတဲ့ ထိပ်သီးအသင်းသုံး သင်းက တန်ကြေးအမြင့်ဆုံးအသင်းတွေအဖြစ် ရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။