ရခိုင်ပြည်နယ်၌ စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးစီမံဆောင်ရွက်

ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝ‌ဘေးအန္တရာယ်ကျ‌ရောက်ခဲ့သော မြို့နယ် ၁၇ ခုတွင် အရေးပေါ်စီမံခန့်ခွဲခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်း နှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများလုပ်ဆောင်ရန် လိုအပ်သော စက်သုံးဆီများရရှိစေရန် မေလ ၁၆ ရက်တွင် MT ဇမ္ဗူတန်ဆောင်ဆီတင် ရေယာဉ်ဖြင့် ပရီမီယံဒီဇယ်ဆီ ဂါလန် ၂၀၀,၀၀၀ ကို သယ်ယူပို့ဆောင်ပေးခဲ့ရာ စစ်တွေမြို့ရွှေမင်းဂံ ဆိပ်ကမ်းသို့ဆိုက်ရောက်၍ စက်သုံးဆီချယူခြင်း နှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ပြီး သီလဝါမှပေးပို့သော ဆီတင်ယာဉ် ဘောက်ဆာတစ်စီးမှာလည်း စစ်တွေမြို့သို့ ဝင်ရောက်ပြီ ဖြစ်ပါတယ်။

ထပ်မံ၍လည်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းဒေသမှ MT Khine Khine Phyo-33၊ MT Khine Khine Phyo-34 ကမ်းရိုးတန်းသွား စက်သုံးဆီ Tanker များဖြင့် ဒီဇယ်ဆီ ဂါလန် ၂၅၀,၀၀၀ ၊ ဓာတ်ဆီ 92 RON ဂါလန် ၂၀၀,၀၀၀ တို့ကိုလည်း ထပ်မံဖြည့်တင်း သယ်ယူပို့ဆောင်ပေးလျက်ရှိသဖြင့် မကြာမီရက်အတွင်း စစ်တွေမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်းသိရပါတယ်။