ပြောင်း‌ရွှေ့နေထိုင်သောဒေသတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသူများရှိပါက ဆက်သွယ်ရန်

အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလိုသူများရှိပါက သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးနှင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြီးခဲ့သည့်ရက်ပိုင်းတွင် နေပြည်တော် ပညာရေး ဝန်ကြီးဌာနရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့်အစည်းအဝေးတွင် အထက်ပါကဲ့သို့အသိပေး ပြောထားသည်။

လာမည့် မတ်လ ၁၁ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆိုရမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆို လိုသူများရှိပါက စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ပြီး အသိပေးရန် ဒေါက်တာညွန့်ဖေက ဆိုသည်။

ထို့ပြင် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်မှုများကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် လုံခြုံရေးသတိရှိပြီး ထူးခြားဖြစ်စဥ်များကိုလည်း တင်ပြရန် ၎င်းက ဆက်လက်ပြောသည်။

၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန်အတွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၅၂ဝဝ) ခန့် စာရင်းပေးသွင်းထားပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ ထုတ်ယူခွင့်ပြုထားသည်။

လာမည့် မတ်လ(၁၁)ရက်မှ (၁၉)ရက်အထိ ပိတ်ရက်မရှိဖြေဆိုရမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စနစ်ဟောင်း နဝမတန်း(Grade-10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုခြင်းမရှိခဲ့သူများနှင့် စနစ်ဟောင်း ဒသမတန်း (Grade-11) တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများကို ပြင်ပဖြေ အဖြစ် ဖြေဆိုခွင့်ပေးမည်ဟု စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်တွင် ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၁၆၁၈၅ဝ)ဦး ရှိခဲ့ပြီး အောင်မြင်သူ (၁ဝ၉၈၅၁)ဦး ရှိခဲ့ကြောင်း သိရသည်။