မှန်လုံအိမ် အာနိသင်ဆိုတာ ဘာလဲ

သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေ ကြည့်ဖူးကြမယ် ထင်ပါတယ်။ ရုပ်ရှင်တွေထဲမှာ ကမ္ဘာနဲ့တူတဲ့ တခြားဂြိုလ်ကို လိုက်ရှာတာမျိုးတွေလည်းပါပါတယ်။

ဘာလို့ ကမ္ဘာနဲ့တူတာကို ရှာရသလဲဆိုတာ မေးနေစရာတောင်မလိုပါဘူး။ အပင်နဲ့ တိရစ္ဆာန်တွေလို သက်ရှိတွေ အသက်ရှင်နေထိုင်နိုင်မယ့် ပတ်ဝန်းကျင်ကို ရှာဖို့ပါ။ သက်ရှိလို့ပြောတာ အဓိက က လူပေါ့။ ကမ္ဘာလို အပူအအေးမျှတတဲ့ဂြိုလ် ကမှသာ ကမ္ဘာလို သစ်ပင်ပန်းမန် ပေါက်ရောက်နိုင်ပြီး ရေနဲ့ လေနဲ့ လူတွေ အသက်ရှင်နေထိုင်နိုင်မှာမလား။

ဒီလို လူတွေနေထိုင်နိုင်တဲ့ ပတ်ဝန်းကျင်ရှိဖို့ဆိုရင် မှန်လုံအိမ်အာနိသင်က အရမ်းအရေးပါပါတယ်။ သူ့ကိုရှင်းပြဖို့ မှန်လုံအိမ်တစ်လုံး ဘယ်လိုအလုပ်လုပ်လဲဆိုတာနဲ့ စရပါမယ်။

တချို့ကလည်း ဖန်လုံအိမ်လို့ခေါ်ကြတယ်။ မှန်လုံအိမ်၊ ဖန်လုံအိမ် အတူတူပါပဲ။ အင်္ဂလိပ်လိုဆို Greenhouse ပေါ့။

🍃ဖန်လုံအိမ်တလုံးက အဆောက်အဦးတစ်ခုပါ။ ပတ်ပတ်လည် နံရံကလည်း မှန်နဲ့ကာထားပြီး အမိုးကလည်း မှန်နဲ့လုပ်ထားတာပါ။ သူ့ရဲ့အလင်းဖောက်နိုင်တဲ့ မှန်ကိုဖြတ်ပြီး နေရောင်ဝင်သွားပြီဆိုကြပါစို့။

နေရောင်နဲ့အတူ ဝင်လာတဲ့ အပူကို မှန်လုံအိမ်ထဲမှာ သိမ်းထားလိုက်တာပါ။ ဒီလိုနဲ့ ညဘက် နေမရှိရင်တောင် နွေးနေပါတယ်။ ဆောင်းရာသီ တအားအေးနေရင်တောင် မှန်လုံအိမ်ထဲမှာ နွေးပါတယ်။ မှန်လုံအိမ်ထဲမှာ နွေးအောင် လုပ်ထားလို့ရလို့ နွေရာသီမှာမှပေါက်တဲ့ အပင်တွေ ဆောင်းရာသီမှာတောင် စိုက်လို့ရပါတယ်။

ဖန်လုံအိမ် အာနိသင်ဆိုတာက အဲဒီလို အပူကို ထိန်းပေးထားနိုင်တဲ့ အာနိသင်တမျိုးပေါ့။ အင်္ဂလိပ်လို Greenhouse Effect လို့ခေါ်ကြပါတယ်။ ကမ္ဘာမှာလည်း မှန်လုံအိမ် အာနိသင် ရှိပါတယ်။

ကမ္ဘာကို ကာပေးထားတဲ့ မှန်တော့မရှိနေပါဘူး။ မှန်လုံအိမ်ဓာတ်ငွေ့နဲ့ Atmosphere လို့ခေါ်တဲ့ လေထုအလွှာ တော့ရှိပါတယ်။

နေ့လည်ပိုင်းမှာ နေရောင်ခြည်က လေထုအလွှာကို ဖောက်ဝင်လာပြီး ကမ္ဘာ့မျက်နှာပြင်ကို အပူဓာတ်ပေးပါတယ်။ နေဝင်သွားတဲ့အခါ ဒီအပူက ကမ္ဘာ့မျက်နှာပြင်ကနေ ထွက်မသွားအောင် မှန်လုံအိမ် ဓာတ်ငွေ့တွေက ထိန်းပေးထားပါတယ်။ ဒီအပူကြောင့် လေထုအလွှာက ညဘက်မှာပါ ဆက်ပြီး နွေးနေတာ ဖြစ်ပါတယ်။

မှန်လုံအိမ်ဓာတ်ငွေ့

🚖လူတွေအောက်ဆီဂျင်ရှူပြီးပြန်ထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့

🗑️အမှိုက်ပုံက အမှိုက်တွေ၊ အဝတ်တွေ၊ အသားတွေ ဆွေးတဲ့အခါ ထွက်တဲ့ မီသိန်းဓာတ်ငွေ့

💧ရေငွေ့

စတဲ့ ဓာတ်ငွေ့တွေက မှန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gases) တွေပဲဖြစ်ပါတယ်။

မှန်လုံအိမ်ဓာတ်ငွေ့က မှန်တချပ်လို ကူညီပေးနေတာကြောင့် ကမ္ဘာပေါ်မှာ မှန်လုံအိမ်အာနိသင်ရှိနေတာဖြစ်ပါတယ်။

မှန်လုံအိမ်ဓာတ်ငွေ့ရှိမှလည်း လူတွေနေနိုင်မှာဖြစ်သလို အပင်ပေါက်ရောက်နိုင်တဲ့ ရာသီဥတုရှိနေမှာဖြစ်ပါတယ်။

🐮စိုက်ပျိုးမွေးမြူရေးလုပ်ငန်းက မီသိန်းထွက်တာ၊
🏭စက်ရုံ၊အလုပ်ရုံတွေကနေ လောင်စာတွေလောင်ကျွမ်းတာ၊
🚙ကားမောင်းလို့ ကားအင်ဂျင်ပိုက်ကနေ ကာဗွန်တွေထွက်တာ၊
🛫လေယာဉ်ပျံသန်းဖို့ လောင်စာတွေလောင်ကျွမ်းတာတွေက မှန်လုံအိမ်ဓာတ်ငွေ့ ပိုများလာစေပါတယ်။

ဒီလို အပိုထွက်လာတဲ့ မှန်လုံဓာတ်ငွေ့တွေကြောင့် မှန်လုံအိမ်အာနိသင်ပိုပြင်းလာပါတယ်။ ကမ္ဘာပေါ်မှာ အပူဓာတ်တွေ ပြန်မထွက်နိုင်အောင် အရမ်းထိန်းထားသလိုဖြစ်ပြီး ကမ္ဘာလည်း ပိုပြီးပူနွေးလာပါတယ်။

🐻‍❄️ကမ္ဘာကြီး ပိုပြီး ပူနွေးလာတာကြောင့် ဝင်ရိုးစွန်းက ရေခဲတွေ အရေပျော်လာတယ်။ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာပါတယ်။ ရာသီဥတုဖောက်ပြန်လာပါတယ်။ နွေရာသီဆို သိသိသာသာပူလာတာ နှစ်စဉ်ခံစားနေကြရလာပါပြီ။ ဒါကြောင့် မှန်လုံအိမ် အာနိသင် လျှော့ချလို့ရမယ့် နည်းလမ်းတွေကို အားလုံးဝိုင်းဝန်းကြိုးစားနေရတာ ဖြစ်ပါတယ်။