မွေထိုင်းဖိုက်တာနှင့်ပွဲမှာ ရှုံးနိမ်ခဲ့တဲ့ မင်းရဲကျော်စွာ(ခ)အောင်ဟိန်း

မြန်မာ့ရိုးရာလက်ဝှေ့သမား မင်းရဲကျော်စွာ(ခ) အောင်ဟိန်းသည် ထိုင်းနိုင်ငံသား နာမည်ကြီးမွေထိုင်းဖိုက်တာ ဆန်ချိုင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာတင် အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

Thai Fight Kard Chuek Pluak Daeng ဟု အမည်ပေးထားသည့် မွေထိုင်းပြိုင်ပွဲကို မတ် (၂၄)ရက်က ရရောင်းမြို့ရှိ  CK Plaza တွင် ကျင်းပပြုလုပ်ခဲ့ပြီး  မင်းရဲကျော်စွာနှင့် ဆန်ချိုင်းတို့၏ပွဲကို အဓိကခေါင်ပွဲအဖြစ် ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၂၈ နှစ်ရှိ မြန်မာ့ရိုးရာလက်ဝှေ့သမား မင်းရဲကျော်စွာသည် အသက် ၄၃ နှစ်ရှိပြီဖြစ်သည့် နာမည်ကြီးမွေထိုင်းဖိုက်တာ ဆန်ချိုင်းကို ပညာ၊ သမ္ဘာအားလုံးမယှဉ်နိုင်ခဲ့ဘဲ အလဲထိုးခံရကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မင်းရဲကျော်စွာသည်  အောက်ခြေခတ်ချက်များ၊ ဘယ်ညာလက်သီးတွဲလုံးများဖြင့် အတင်းဝင်ကာ ဖိအားပေးထိုးသတ်ခဲ့ပြီး ဆန်ချိုင်းမှာမူ ချုပ်ဒူးကိုသာ အားပြုထိုးသတ်ခဲ့သည်။

ဆန်ချိုင်း၏ ဘယ်ခြေအမြင့်ကန်ချက်ကြောင့် မင်းရဲကျော်စွာမှာ ဖင်ထိုင်ကျခဲ့ပြီး ပြန်အလွှတ်တွင်လည်း ဘယ်ခြေအမြင့်ကန်ချက်ကြောင့်ပင် အလဲထိုးခံရကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

Thai Fight အဖွဲ့အစည်းသည် မင်းရဲကျော်စွာနှင့် ဆန်ချိုင်းပွဲကို ဖေဖော်ဝါရီလအတွင်းက ကျင်းပရန်စီစဉ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့၍ ယခုပြန်လည်စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။