တရားဆိုတာ…

အရက်သောက်တဲ့သူ
တစ်ခါတည်းသောက်တတ်သွားတာ
မဟုတ်ပါဘူး တဖြည်းဖြည်းနဲ့
သောက်တတ်သွားတာ

ကြာတော့
မကောင်းတဲ့အရက်တောင်
ကောင်းသွားတာမဟုတ်လား
တရားထိုင်တာလဲ
အဲ့ဒီလိုကျင့်ယူရတာပဲ
တစ်ခါတည်းရချင်လို့မဖြစ်ဘူး

တရားထိုင်တဲ့နေရာမှာ
တကယ့်ဆရာက သတိပဲ
လမ်းလဲပြတယ် လမ်းလဲရှင်းတယ်
သိအောင်လဲလုပ်တယ်

ထွေလီကာလီ စဉ်းစားမနေနဲ့
ရတာမရတာလဲ ပူမနေနဲ့
ကိုယ့်အလုပ် မဟုတ်ဘူး
အချိန်တန်
နွားပိန်ကန်သွားလိမ့်မယ်

ညပိုင်းဆို ၇-နာရီ နံနက်ပိုင်းဆို
၄-နာရီအချိန်လေး
ကန့်သတ်ပြီးအဓိဋ္ဌာန်နဲ့
လုပ်စမ်းပါဗျ အဓိဋ္ဌာန်ဆိုတာ
အထူးရပ်တည်ချက်ကိုဆိုတာဗျ

ကျန်တဲ့အချိန်ကတော့
ကွမ်းဝါးသလို
ဆေးလိပ်သောက်သလို
လုပ်နေရမှာ

လူ့ဘဝရတုန်း သာသနာနဲ့ကြုံတုန်း
လုပ်ကြစမ်းပါဗျ ။

တရားဆိုတာ
လိုလိုချင်ချင် ရိုရိုသေသေဖြင့်
ရှုမှတ်ဆင်ခြင်တတ်ဖို့သာ ပဓာနပါ။

ပိုက်ဆံဆိုတာ
ဘဏ်ကထုတ်တဲ့
အသစ်ကျပ်ချွတ်ပဲဖြစ်ဖြစ်
အမှိုက်ပုံက ကောက်ရတဲ့
အဟောင်းအနွမ်းကလေးပဲဖြစ်ဖြစ်
သုံးလို့ရတာချည်း။

သတိနဲ့ ရှုမှတ်ခြင်းဆိုရာမှာလည်း
ရိပ်သာမှာပဲ မှတ်မှတ်
စားရင်းပဲ မှတ်မှတ်
အိပ်ရင်းပဲ မှတ်မှတ်
သတိကပ်နေပုံချင်းကတော့
အတူတူပါပဲ။

သတိကပ်အား
မှတ်အားများလာရင်တော့
ဉာဏ်မပွင့်မှာ မပူပါနဲ့။

သိစရာရှိတာ အလိုလိုသိပြီး
ပယ်စရာရှိတဲ့ ကိလေသာတွေ
အလိုလိုပယ်ပြီးသား
ဖြစ်သွားပါလိမ့်မယ်။

တရားအသိရဖို့ဆိုတာ
အသက်ငယ်တာ ကြီးတာ
အလုပ်များတာ အလုပ်အားတာ
ဆင်းရဲချမ်းသာတွေနဲ့
မဆိုင်လှပါဘူး။

တရားဆိုတာ
လိုချင်တတ်ဖို့ ရိုသေတတ်ဖို့
ရှုမှတ်ဆင်ခြင်တတ်ဖို့သာ ပဓာနပါ။

🙏(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)🙏