မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံဘက်မှာ မူးယစ်ဆေးဝါးသယ်လာသူ ၁၅ ဦး အသေဖမ်းမိ

ထိုင်း – မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ မယ်ဖလုံခရိုင်မှာ ဒီဇင်ဘာ ၁၆ ရက်ည ၇ နာရီခန့်က မူးယစ်ဆေးဝါး သယ်လာတဲ့အဖွဲ့နဲ့ ထိုင်းလုံခြုံရေးအထူးတပ်ဖွဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး မူးယစ်ဆေးဝါး သယ်လာသူ ၁၅ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော် (Royal Thai Army) က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေနဲ့အတူ စိတ်ကြွဆေးပြား နှစ်သန်းကျော် (၂,၀၄၀,၀၀၀) ပါတဲ့ ကျောပိုးအိတ် (၁၇) အိတ်ကို သိမ်းဆည်းရမိခဲ့ပြီး မယ်ဖလုံခရိုင်ရဲတပ်ဖွဲ့က ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျောပိုးအိတ်တွေ သယ်ဆောင်လာတဲ့ အမျိုးသားအုပ်စုကို ရပ်တန့်ခိုင်းပြီး သက်သေခံ စာရွက်စာတမ်းတွေကိုပြဖို့ တောင်းချိန်မှာ အဲဒီအဖွဲ့က စတင်ပစ်ခတ်ခဲ့တာလို့ အပြန်အလှန်ပစ်ခတ်မှုဟာ ငါးမိနစ်ခန့်ရှိပြီး ထိုင်းစစ်သားတွေကတော့ ပစ်ခတ်မှုဖြစ်ပြီးနောက်ရက်မှ အဲဒီနေရာကို သွားရောက်စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီအဖွဲ့ဟာ မြန်မာဘက်ကနေ နယ်စပ်ကိုဖြတ်ပြီး ထိုင်းဘက်ကို လမ်းလျှောက်ဝင်ရောက်လာချိန် ထိုင်းလုံခြုံရေး အထူးတပ်ဖွဲ့က တွေ့ခဲ့တာလို့လည်း The Nation သတင်းမှာ ရေးသားပါတယ်။

ထိုင်းဘုရင့်တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေဟာ ဘယ်အဖွဲ့ကဆိုတာနဲ့ ဘယ်နိုင်ငံသားတွေဆိုတာကို ထည့်သွင်းမဖော်ပြထားပါဘူး။