နိုဝင်ဘာ ၂၂ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၂၁ ရက် နိုဝင်ဘာလ ၂၀ ရက် ၂၂၃၀ နာရီတွင် ကော့ကရိတ်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)သည် ဆင်ကုန်းကျေးရွာ သင်္ချိုင်းကုန်းဘက်မှ ၆၀ မမဖြင့် ၁ ချက် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ နေအိမ် ၁ လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ပေါ်တွင် အိပ်ပျော်နေသည့် ဦးထွန်းရင်(၇၅)နှစ်တွင် ဝဲပါးဗုံးစထိမှန်ဒဏ်ရာ၊ ဖြိုးမင်းခန့်(၁၇)နှစ်တွင် ဝမ်းဗိုက်ဗုံးစဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ပြီး ခန့်မိုးဦး(၂၃)နှစ်တွင် ယာပေါင်ဗုံးစရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၁ ရက် ၁၃၃၀ နာရီတွင် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ပိတောက်လမ်းနေ ဦးကြည်ဝင်း(၈၃)နှစ်၊ မှီခိုသည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက် PDF ၅ ဦးသည် လက်လုပ်သေနတ်(အတို) ၁ လက်၊ လက်လုပ် သေနတ်(အရှည်) ၄ လက်တို့အား ကိုင်ဆောင်၍ Mark-2 (အဖြူရောင်)ယာဉ်ဖြင့် ရောက်ရှိလာပြီး နေအိမ် အတွင်း ဝင်ရောက်လာကာ ဦးကြည်ဝင်းနှင့် မိသားစုဝင်များအား မှောက်ခိုင်းထားပြီး နေအိမ်အတွင်းရှိ လက်ကောက်(ရွှေ ၃ ကျပ်သားခန့်) ၁ ကွင်း၊ လက်စွပ်(ရွှေ ၅ မူးသား) ၁ ကွင်း၊ လက်စွပ်(၁ ကျပ်ခွဲသား) ၁ ကွင်း၊ စိန်လက်စွပ် ၁ ကွင်း၊ စိန်နားကပ် ၃ ရံ၊ ရွှေနားကပ် ၃ ရံ၊ ပလက်တီနန် ဆွဲကြိုး ၁ ကုံး၊ ရွှေဆွဲကြိုး ၃ ကုံး၊ ရွှေတုံး(၁ ကျပ်ခွဲသား) ၁ တုံး၊ လက်ကိုင်ဖုန်း ၄ လုံး၊ နာရီ ၁ လုံး၊ ငွေသား သိန်း ၁၀၀ ကျပ်ခန့်၊ Lettop ၁ လုံး၊ စုစုပေါင်းကာလတန်ဖိုး ၄၈၄ သိန်းကျပ်ခန့်တို့အား ယူဆောင်၍ ၁၃၄၀ နာရီတွင် သာစည်လမ်းမှတစ်ဆင့် အက်တောကျေးရွာဘက်သို့ မောင်းနှင်ထွက်ခွာသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၁ ရက် ၀၇၅၅ နာရီတွင် ပျော်ဘွယ်မြို့နယ်၊ ယင်းတော်မင်းရွာနေ ဦးညီညီ(၃၃)နှစ်သည် ငွေပုလဲကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၂၉၆/၁)၌ ပလတ်စတစ်ဘူးခွံကောက်နေစဉ် အကြမ်းဖက် PDF ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၂ ချက်ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးညီညီတွင် ဝဲတင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

နိုဝင်ဘာ ၂၁ ရက် ၂၀၁၅ နာရီတွင် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ သထုံ-ဘားအံ ကားလမ်းဘေးရှိ သထုံမြို့နယ် ထွေ/အုပ် ဝန်ထမ်းအိမ်ရာရှေ့ ဝင်ပေါက်အနီး၌ အကြမ်းဖက်အဖွဲ့ KNU/PDF မှ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၁ ရက် ၁၁၄၅ နာရီတွင် မြိုင်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့မှ ဒရုန်း ၁ စင်းဖြင့် Drop Bomb ၂ လုံးအား ၃ ကြိမ်လာရောက်ပစ်ချခဲ့ရာ အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ ၃ လုံး၊ မြို့နယ်ထွေ/အုပ်ရုံးဝင်းအတွင်းသို့ ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒေါ်ဖြူစင်သန့်(၃၃)နှစ်၊ ဆေးဖက်ကျွမ်းကျင်(၅)တွင် ယာလက်မောင်း၊ နောက်ကျောဗုံးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဓာတ်မှန်ဆောင်၏ အမိုးသွပ် ၆ ချပ်၊ ကျောက်ပြား မျက်နှာကျက် ၆ ချပ်၊ မြို့နယ်ထွေ/အုပ်ရုံးဝင်းအတွင်းရှိ ရုံးဟောင်းလျှောက်လမ်းအမိုးသွပ် ၂ ချပ်၊ ဖိုက်ဘာမျက်နှာကျက် ၃ ချပ်၊ ပြူတင်းပေါက်မှန် ၂ ချပ်တို့ ပျက်စီးခဲ့ကြောင်း သိရှိရ။