မုန့်ပစ်သလက် (သို့မဟုတ်) မုန့်ပျားသလက်

ပါ၀င်သောပစ္စည်းများ
၁။ ဆန်မှုန့်- ၃ ခွက်
၂။ ရေ – ၄ ခွက်
၃။ တဆေး (Yeast) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
၄။ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ပဲပြုတ် – လက်တစ်ဆုပ်စာ
၆။ ကြက်သွန်မြိတ်(ပါးပါးလှီး) – ၂ ပင် (သို့မဟုတ်) ၃ ပင်
၇။ ဆီ

နှမ်းထောင်းအတွက် – နှမ်းလက်ဖက်ရည်ဇွန်း ၃ ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကို ထောင်းထားပါ။

ပြုလုပ်နည်း
နောက်နေ့မနက် စားရန်အတွက်ဆိုရင် ဆန်မှုန့်၊ ရေ၊ ဆားနှင့် တဆေးတို့ကို အရည်ဖျော်ပြီး တစ်ညသိပ်ထားပါ။ အနည်းဆုံး ၈ နာရီခန့် ထားပေးပါ။ မကပ်သော ကြက်ဥကြော်သောအရွယ် ဒယ်အိုးကိုသုံးရင် ပို အဆင်ပြေ ပါတယ်။ ဒယ်အိုး အကြီးကိုသုံးမယ်ဆိုရင် မုန့်အနှစ်ထဲမှာ ရေလျှော့ထည့်ပါ။ ( မုန့်သားမထူမှာစိုးလို့ပါ။ ) ဒယ်အိုးထဲကို ဆီအနည်းငယ် (ဆီစွတ်ရန်) ထည့်ပြီး Medium Heat ဖြင့် အပူပေးပါ။ အိုးပူလာလျှင် တစ်ညသိပ်ထားသော မုန့်နှစ်ကို ယောက်ချိုဇွန်း ၁ ဇွန်းခွဲ ခန့်ထည့်ပါ။ ပြီးလျှင် အပေါ်မှ ပဲပြုတ်နှင့် ကြက်သွန်မြိတ်ကို ဖြူးပေးပါ။ ( မီးအေးအေး Medium Heat နှင့်ပဲလုပ်ပါ။ ) မုန့်သားမှာ အပေါက် ကလေးများ ဖြစ်လာလျှင် အပေါ်မှ အဖုံးအုပ်ပြီး ၁ မိနစ် ခန့်ထားပါ။ ထို့နောက် မီးဖိုပေါ်မှ ချ၍ နှမ်းထောင်းလေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။