ဆေးလိပ် ကြောင့် ကင်ဆာ ၁၆မျိုး ဖြစ်နိုင်ပါတယ်။

ဆေးလိပ် က မကောင်းဘူးဆိုတာ သိထားပေမယ့်လည်း ဖြတ်ဖို့ ခက်ပါတယ်။ ဆေးလိပ်တစ်ချက်ဖွာလိုက်တိုင်းမှာ အမျိုးအစား ၇၀၀၀လောက်ရှိတဲ့ ဓာတုပစ္စည်းတွေက အဆုတ်နဲ့ တခြား ကိုယ်တွင်းအင်္ဂါတွေကို ပြန့်သွားပါတယ်။ ဒီအမျိုး ၇၀၀၀ကျော်ထဲမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်း ၆၉မျိုး ပါဝင်ပါတယ်။

ဆေးလိပ် နဲ့ ပတ်သက်ပြီး မှတ်သားဖွယ်အချက်အလက်များ

ဆေးလိပ်နဲ့ ကင်ဆာနဲ့က ဆက်နွယ်မှု ကြီးမားပါတယ်။

  • ကင်ဆာဖြစ်သူ ၈ယောက်မှာ ၁ယောက်က ဆေးလိပ်ကြောင့်ပါ။
  • ကင်ဆာကြောင့် သေဆုံးသူ ၅ယောက်မှာ ၁ယောက်က ဆေးလိပ်ကြောင့်ပါ။
  • ဆေးလိပ်တစ်ချက် ဖွာလိုက်တိုင်းမှာ ဓာတုပစ္စည်းပေါင်း ၇၀၀၀က အဆုတ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပါတယ်။
  • စီးကရက်မှာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းပေါင်း ၆၉မျိုး ပါပါတယ်။
  • တစ်နှစ်ကို ကင်ဆာရောဂါတွေ့ရှိမှု ၁၅,၀၀၀ကျော်လောက်က ဆေးလိပ်ကြောင့်ပါ။
  • ဆေးလိပ်သောက်ပြီး ၆နာရီလေက်ဆိုရင် ခန္ဓာကိုယ်က စပြီး ဓာတုပစ္စည်းတွေကို စဖျက်ဆီးပါပြီ။ သင်သာ ထပ်မသောက်ဘူးဆိုရင် ကိုယ်ထဲမှာ ဓာတ်ပစ္စည်းတွေ ပုံလာမှာ မဟုတ်ပါဘူး။
  • ဆေးလိပ်သောက်သုံးမှုသာ မရှိဘူးဆိုရင် အဆုတ်ကင်ဆာဆိုတာ ရှားပါးရောဂါ ဖြစ်သွားမှာပါ။
  • ဆေးလိပ်ကြောင့် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ ၆၁% တိုးလာနိုင်ပါတယ်။
  • ခံတွင်းကင်ဆာအများစုက ဆေးလိပ်ကြောင့် ဖြစ်တာပါ။ (ခံတွင်းနဲ့ လည်ချောင်းကင်ဆာ ၆၀%၊ အသံအိုးကင်ဆာ ၇၇%၊ အစာရေမျိုပြွန်ကင်ဆာ ၆၀%)

ဆေးလိပ် ကြောင့် ဖြစ်နိုင်တဲ့ ကင်ဆာ ၁၆မျိုး

ဆေးလိပ်က ကင်ဆာဖြစ်နိုင်တယ်ဆိုပေမယ့် ဒီလောက်များမှန်းတော့ ထင်ထားမှာ မဟုတ်ပါဘူး။ ဒါတွေက သက်သေအခိုင်အမာပြထားတာတွေ ဖြစ်ပြီး ဆက်လက်လေ့လာနေဆဲ ကင်ဆာအမျိုးအစားတွေလည်း ရှိပါတယ်။ ဆိုလိုတာက ၁၆မျိုးထက် များနိုင်ပါသေးတယ်။

ဖြစ်နိုင်တဲ့ ကင်ဆာ ၁၆မျိုးကတော့

  • အဆုတ်ကင်ဆာ
  • ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ နှာခေါင်းကင်ဆာ၊ မျက်နှာလေအိတ်ကင်ဆာ
  • အစာရေမျိုပြွန်ကင်ဆာ
  • ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဆီးပို့ပြွန်ကင်ဆာ
  • ပန်ကရိယကင်ဆာ
  • အစာအိမ်ကင်ဆာ
  • အသည်းကင်ဆာ
  • သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ
  • အူမကြီးကင်ဆာ
  • Acute myeloid leukaemia လို့ခေါ်တဲ့ သွေးကင်ဆာ

ဒါကြောင့် ဆေးလိပ် သောက်တဲ့ အချိန်တိုင်းမှာ ‘ငါ့မှာ ကင်ဆာ ၁၆မျိုး ဖြစ်နိုင်တယ်’ ဆိုပြီး နှလုံးသွင်းထားဖို့ လိုပါတယ်။

ဆေးလိပ်က ကင်ဆာကို ဘယ်လိုဖြစ်စေတာလဲ။

လူ့ခန္ဓာကိုယ်ထဲက အသေးဆုံးအစိတ်အပိုင်းက ဆဲလ်ဖြစ်ပြီး သူ့ကို DNAက ထိန်းချုပ်ထားပါတယ်။ ဆေးလိပ်လေး တစ်လိပ်ကတောင် DNA ကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

  • ဆေးလိပ်မှာ ဓာတုပစ္စည်းပေါင်း ၇၀၀၀ကျော်ပါပြီး ၆၉မျိုးက ကင်ဆာဖြစ်စေနိုင်ပါတယ်။
  • ဆေးလိပ်သောက်တိုင်းမှာ ဒီပစ္စည်းတွေက အဆုတ်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ရောက်ရှိသွားပါတယ်။
  • ဒီဓာတုပစ္စည်းတွေက ဆဲလ်တွေထဲက DNAကို ပျက်စီးစေပါတယ်။
  • ပျက်စီးနေတဲ့ DNAကို ပြန်ပြီး ပြုပြင်လို့ ခက်ခဲအောင် ဓာတုပစ္စည်းတွေက ထပ်ပြီး တားမြစ်ပါတယ်။ ဒါ့ပြင် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့ DNAတွေကိုလည်း ဖျက်ဆီးပစ်ပါတယ်။
  • ဒီလိုနဲ့ ဆဲလ်တွေမှာ ခဏခဏ DNAတွေ ပျက်စီးတဲ့အခါ ကင်ဆာဆဲလ်အဖြစ်ကို ပြောင်းသွားပါတယ်။