မနက်ခင်းရ အပြောင်းအရွှေ့အားကစားသတင်းများ

⚽ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ အသက် ၁၉ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမား ဂျုဒ်ဘယ်လင်ဟမ်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ စာချုပ်ချုပ်ဆိုခေါ်ယူသွားဖွယ်ရှိနေတယ်လို့ စပိန်သတင်းဌာနတစ်ချို့ကဖော်ပြသွားခဲ့ပါတယ်။ ဒေါ့မွန်အသင်းအတွက် ၁၁၄ ပွဲကစား သွင်းဂိုး ၂၀ ဂိုးဖန်တီးမှု ၂၂ ကြိမ်ထိပြုလုပ်ပေးထားတဲ့ ဘယ်လင်ဟမ်ကို ရီးရဲလ်မက်ဒရစ်အသင်းတင်မကဘဲ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ်နဲ့မန်စီးတီးအသင်းတို့ကလည်းခေါ်ယူဖို့စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။
⚽ အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းကနေ လေဗာကူဆင်အသင်းကိုအငှားနဲ့သွားရောက်ကစားနေတဲ့ အသက် ၂၂ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမား ကော်လမ်ဟဒ်ဆန်အိုဒွိုင်းကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ Guardian သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ချယ်လ်ဆီးလူငယ်အကယ်ဒမီထွက်ကစားသမားတစ်ယောက်ဖြစ်တဲ့ အိုဒွိုင်းဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၂၆ ပွဲ သွင်းဂိုး ၁၆ ဂိုး ဂိုးဖန်တီးမှု ၂၂ ကြိမ်ထိပြုလုပ်ပေးထားခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး လေဗာကူဆင်အသင်းကို တစ်ရာသီအငှားစာချုပ်နဲ့သာသွားရောက်ကစားနေတာဖြစ်ပေမယ့် ချယ်လ်ဆီးအသင်းဟာ မူဒရစ်၊ မာဒူယာကေတို့လိုတောင်ပံကစားသမားသစ်တွေကိုခေါ်ယူထားတာကြောင့် အိုဒွိုင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့အနာဂတ်ဟာသေချာမှုမရှိတော့ဘဲ အာဆင်နယ်အသင်းကခေါ်ယူဖို့စီစဉ်လာခဲ့တာလည်းဖြစ်ပါတယ်။
⚽ လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှူး ရော်ဘတ်တိုဖာမီနိုရဲ့အေးဂျင့်ဖြစ်သူက သူ့ကစားသမားရဲ့စာချုပ်သစ်ကိစ္စဟာ ဒီလအတွင်းအပြီးသတ်နိုင်ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ အသက် ၃၁ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်ကစားသမားဟာ လာမယ့်နွေရာသီမှာအလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ရတော့မယ့်သူဖြစ်ပြီး ပြီးခဲ့တဲ့ ၁၈ လအတွင်း အသင်းမှာဩဇာလွှမ်းမိုးမှုကျဆင်းလာနေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ အသင်းမှာဆက်လက်ကစားခွင့်ရဖို့ယုံကြည်မှုရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။ ဆာလာ၊ မာနေးတိုက်စစ်အတွဲရဲ့ ပရီးမီးယားလိဂ်ကိုလွှမ်းမိုးခဲ့ခြင်းမှာ အဓိကထောက်တိုင်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဖာမီနိုဟာ တိုက်စစ်မှူးဆိုသည့်တိုင် လှပတဲ့သွင်းဂိုးပံ့ပိုးမှုတွေကြောင့် အသင်းကစားသမားတွေရဲ့လေးစားချစ်ခင်မှုကိုခံရသူလည်းဖြစ်ပါတယ်။ ၂၀၁၅ ဇွန်လတုန်းက ဂျာမန်ကလပ် ဟော့ဖန်ဟိမ်းအသင်းကနေ ပေါင် ၂၉ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဖာမီနိုဟာ လီဗာပူးလ်အသင်းအတွက်ပြိုင်ပွဲစုံ ၃၄၈ ပွဲကစားပြီး သွင်းဂိုး ၁၀၇ ဂိုး ဂိုးဖန်တီးမှု ၇၈ ကြိမ်ထိပြုလုပ်ပေးထားနိုင်တဲ့တိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။
#Sport7