ဆောင်းဦးရာသီမှာ သတိပြုစရာများ

နံနက်စောစော အိပ်ရာထချိန်တွင် ခါတိုင်းနှင့်မတူ ချမ်းစိမ့်စိမ့်အရသာကို ခံစားရသည်။ ဆောင်းရာသီ၏ ရှေ့ပြေးလက္ခဏာ အအေးဓာတ်ရောက်ရှိလာချေပြီ။ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် တန်ဆောင်တိုင်ပွဲနှင့် နှစ်သစ်ကူးပွဲများရှိခြင်းကြောင့် ညဉ့်နက်ချိန်အထိ အပြင်ထွက်လည်ပတ်သူ များပြားသည်။

လူအများသည် စောစောပိုင်း၊ ညနေပိုင်းနှင့် ညဉ့်ဦးပိုင်းတွင် အအေးဓာတ်သိပ်မရှိသဖြင့် ပုံမှန်အဝတ်အစားဖြင့်သွားလာခြင်း၊ အပြင်ထွက်လည်ပတ်ခြင်းပြုလုပ်ရာမှ ညဉ့်နက်လာသောအခါ ရုတ်တရက် အအေးဓာတ်လွန်ကဲလာခြင်းကြောင့် အအေးပတ်ခြင်းကို သတိမမူမိဘဲဖြစ်ကြရသည်။

ပျော်ပွဲရွှင်ပွဲနှင့်  ညဉ့်နက်ပိုင်းဧည့်ခံပွဲများတွင် လူငယ်နှင့်လူလတ်ပိုင်းများ၊ အရက်သေစာ သောက်စားတတ်မှုများလည်း ရှိတတ်ကြသည်။ အရက်အရှိန်ကြောင့် အေးမှန်းမသိဘဲ အိပ်ပျော်သွားသောအခါ စောင်မခြုံဘဲအိပ်ပျော်သွားတတ်ကြသည်။ ထိုသို့အိပ်ရာမှ  မနက်တွင်မထနိုင်တော့ဘဲ လေဖြတ်နေသူများစွာ တွေ့ရဖူးသည်။ သတိပြုကြရန်လိုသည်။ အထူးသဖြင့်   မြန်မာ “တပေါင်းလ” တွင် ဖြစ်လေ့ရှိသည်။ နေ့ပူ ညချမ်း တပေါင်းလဆန်းဟု အဆိုရှိသည်။

ဆောင်းဥတုတွင် ဒက္ခိဏ ခေါ် တောင်ဝင်ရိုးစွန်းမှ နေထွက်သည်။ ကမ္ဘာနှင့်ဝေးကွာလှသဖြင့် နေထွက်ချိန်နောက်ကျသည်။  နေနှင့် ဝေးသဖြင့် တေဇောဓာတ်အရနည်းသည်။ ထိုအခါ တေဇောဓာတ်ကို ကြောက်ရွံ့သောအဖျားပိုးတို့ ထကြွကြလေသည်။

နေရောင်ခြည်၏တန်ဖိုး

ရောဂါပိုးအတော်များများသည် နေရောင်ခြည်ကို ကြောက်ကြသည်။ နေရောင်ခြည်တွင်သေကြသည်။

ပူမှု၊ အေးမှု၊ တေဇောပြုသည်။ တေဇောယုတ်ကရောဂါရသည်။ တေဇောသည် သက်စောင့်ဓာတ် ဖြစ်သည်။ သင်နေထိုင်သော အိမ်သည် နံနက်ခင်းနေရောင်ခြည်မရရှိလျှင် သင်၏အိမ်သားများသည် မကြာခဏဖျားနာကြလိမ့်မည်။ “နေရောင်ခြည်က သင့်အိမ် သို့ မလာလျှင် သင်သည် နေရောင်ခြည်ရှိရာသို့ သွားရပေလိမ့်မည်။”

မနက်လင်းနေရောင်ခြည်ကို နာရီဝက်ခန့်ခံယူလိုက်ရုံဖြင့် သင့်အတွက် တစ်နေ့တာ လုံလောက်သော တေဇောဓာတ်ကို ရရှိပြီးဖြစ်ပေသည်။ ငွေမကုန်သောဆေးတစ်ပါးမှာ နေရောင်ခြည်ပင် ဖြစ်ပေသည်။

ရေချိုးခြင်းနည်းလမ်းများ

ရေကူးကန်စသည်တွင် နံနက်ခင်းနေရောင်ခြည်ခံ၍ ရေချိုးရခြင်းသည် အထူးကျန်းမာစေသည်။ အချို့မှာ ရေကူးလိုက် နေပူဆာလှုံလိုက် ပြုကြသည်။ တောရွာများတွင် နေပူဆာလှုံပြီး ရေချိုးကြသည်။ ရေကိုသစ်သားစည်ပိုင်းတွင် ထည့်ထားပြီး နေလှန်းပြီးမှ  သက်ကြီးရွယ်အိုဂိလာနများကို ရေချိုးပေးကြသည်။

သက်ကြီးရွယ်အိုများ မကျန်းမာသူဂိလာနများအတွက် စောစောရေမချိုးသင့်ပါ။ ဆောင်းတွင် နံနက် ၁၁ နာရီခန့်အတွင်း ရေချိုးခြင်း သည် အကောင်းဆုံးဖြစ်သည်။ အချို့အားနည်းပြီး အချမ်းမခံနိုင်လျှင် သုံးရက်မှတစ်ကြိမ် ရေချိုးပေးလျှင် ဖြစ်သည်။ နေထန်း တစ်ဖျားကျော်မှ ရေချိုးပေးခြင်းသည် အပြစ်ကင်းသည်။ ကျန်းမာသူလူငယ်များအတွက် နံနက်စောစောကပင် ရေချိုးနိုင်သော်လည်း အသက်ကြီးပိုင်းလူကြီးများမှာ ရေချိုးဆင်ခြင်ရမည်။ “နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းတစ်ဆယ့်တစ်” ဆိုသော စာချိုးအတိုင်းသာ  ရေချိုးသင့်သည်။ နွေ ၉ နာရီ၊ မိုး ၁၀ နာရီ၊ ဆောင်း ၁၁ နာရီ အတိအကျမဟုတ်သည့်တိုင် ထိုအချိန်ဝန်းကျင်သည် လူကြီးများအတွက် ရေချိုးချိန်ဖြစ်သည်။

ညနေဘက်နေဝင်ချိန်ရေချိုးခြင်းကို ရှေးဆရာကြီးများကကန့်ကွက်ကြသည်။ ကျန်းမာရေးအတွက် ခွင့်မပြုကြပေ။ အရပ်သုံးစကား  ရေချိုးမှားသည်ဆိုခြင်းမှာ ညနေနှင့်ညပိုင်း ရေချိုးသူများတွင် အဖြစ်များသည်ကိုတွေ့ရသောကြောင့်ဖြစ်သည်။

ရေချိုးဆင်ခြင်ခြင်းသည် မမှားသောအရာဖြစ်သည်။ ကျန်းမာရေးမကောင်းသူ သက်ကြီးရွယ်အိုများသည် ညနေဘက်နှင့်ညဘက် ရေမချိုးခြင်းသည် အကောင်းဆုံးဖြစ်မည်ထင်သည်။ အကြောင်းကြောင်း ကြောင့် မလွှဲမရှောင်သာ၍ ရေချိုးရမည်ဆိုလျှင်လည်း လျင်မြန်စွာချိုးပါ။ ရာသီဥတုအေးလျှင် ရေနွေးစပ်ပြီး ချိုးပါ။

လူကြီးများအအေးပတ်ခြင်းကို ကာကွယ်နိုင်ရန်အတွက် ရေချိုးပြီးလျှင်   တေဇောဓာတ်ရစေရန် ချင်းပြုတ်ရေပူပူလေးသောက်ပေးပါ။   သို့မဟုတ် အလွယ်တကူအားဖြင့် ချင်းတက်ကို ပါးပါးလှီး ရေနွေးမတ်ခွက်တစ်လုံးမှာစိမ်ထားပြီး အုပ်ထားပါ။ ရေချိုးပြီးသောအခါ ခပ်နွေးနွေး ကော်ဖီတစ်ခွက်စာ ခန့်သာက်ပေးပါ။

ဥတုနှင့် သင့်အောင်နေပါ

ဆောင်းဦးရာသီတွင် လေဖြတ်သူ၊ ပါးရွဲ့သူ၊ လေဖြန်းသူ အတော်များသည်။ အကြောင်းမှာ အမှတ်တမဲ့ အအေးပတ်ခြင်းကြောင့် ဖြစ်သည်။ သက်ကြီးရွယ်အိုများသာမက ၄၀၊ ၅၀ ဝန်းကျင် လူလတ်ပိုင်းများပါ လေဖြတ်ကြသည်ကို တွေ့ရှိရသည်။

ပေါ့ပေါ့တန်တန်နေထိုင်ခြင်းကြောင့် လေဖြတ်ခြင်းသည် မူလအကြောင်းရင်းခံ သွေးတိုးရောဂါ၊ ဆီး ချိုရောဂါ၊ နှလုံးသွေးကြော ကျဉ်းရောဂါရှိခြင်းကြောင့် ဖြတ်ခြင်းထက်ပိုများသည်။ ထို့ကြောင့် ဥတုအကူးအပြောင်းတွင် မပေါ့ဆကြဖို့လိုသည်။

ဥတုနှင့်သင့်သောအစာ

အစာအာဟာရတို့ကို အရသာနှင့်ဓာတ်ခွဲလျှင် ချို၊ ချဉ်၊ ငန်၊ စပ်၊ ခါး၊ ဖန် ဟူ၍ အရသာခြောက်ပါး တွေ့ရမည်။ ထိုအရသာတို့ကို  စုံအောင်စားရမည်ဆိုသော်လည်း ဥတုအကြိုက်ကိုလိုက်၍ ပိုကဲစားရမည့် အရသာလည်းရှိသေးသည်။

ဥတုအကြိုက်မှာ နွေတွင် အချိုအရသာ၊ မိုးတွင် အခါးအရသာ၊ ဆောင်းတွင် အချဉ်အရသာဟုဆိုသည်။ ရှေးက ဓာတ်စာ ဆရာကြီးများသည် ဤနည်းကို အခြေခံ၍ဓာတ်စာပေးလေ့ရှိသည်။ အချဉ်အရသာကိုအခြေခံ၍ ဆောင်းဦးရောက်သည်နှင့် မိုးတွင် ပေးခဲ့သော အခါးအရသာကို ဖြုတ်၍ ဆောင်းအကြိုက်အချဉ်အရသာကို ပြောင်းပေးလေ့ရှိသည်။

စားရန်သင့်သော ဓာတ်စာများ

၁။         ကင်ပွန်းချဉ်ရွက်ဟင်းချိုကို ပုစွန် သို့မဟုတ် ရေချိုငါး၊ ငါးပတ်၊ ငါးကြင်းတို့နှင့်ရောချက်ပါ။

၂။         ကင်ပွန်းချဉ်ရွက်ကို ကြော်စားပါ။

၃။         ချဉ်ပေါင်ရွက်နှင့် ပုစွန်ဆိတ်ကလေးဟင်းချို

၄။         ချဉ်ပေါင်ကြော်၊ မျှစ်အချိုနှင့် ရောကြော်လျှင်လည်း ရသည်။

၅။         ရှောက်သီးကို အခွံခွာ အသားကိုမွှပြီး ရေစင်စင်ဆေး ပုစွန်ခြောက်ထောင်း ကြက်သွန်ဖြူနီတို့နှင့် ရောသုပ်စားပါ။  ပုစွန်ငါးပိနှင့်  ငရုတ်သီးစိမ်းတို့နှင့်လည်း အစပ်သုပ်စားနိုင်သည်။

၆။         သံပရာသီးသနပ်၊ သံပရာချဉ်များစားပါ။

၇။         မုန်ညင်းရွက်ကိုအချဉ်တည်ပြီး ဟင်းချက်စားပါ။ သုပ်စားပါ။

၈။         ငါးချဉ်၊ ပုစွန်ချဉ်၊ နှမ်းဖတ်ချဉ်၊ မုန်လာချဉ်၊ ဟင်းဂလာချဉ်၊ ခံတက်ချဉ်များ စားသုံးနိုင်ပါသည်။

၉။         သံပရာဖျော်ရည်၊ ရှောက်သီးဖျော်ရည်၊ ကမ္ဗလာသီးဖျော်ရည်များသုံးဆောင်ပါ။

၁၀။      အသားဟင်းချက်လျှင် ရှောက်ရည်ညှစ်ထည့်ချက်ပါ။ သို့မဟုတ် ချဉ်စော်ကားသီး၊ မက်လင်ချဉ်သီးများထည့်ချက်ပါ။

၁၁။       ငါးသလောက်ပေါင်းကို ရှလကာရည်အချဉ်ဖြင့်ရော၍ ပေါင်းပါက အနူးမြန်ပြီး အချဉ်ကဲသော အရသာဖြင့် စားကောင်း စေသည်။

ဥတုဆိုးသောအခါ အအေးလွန်သောအခါ

ရာသီဥတုဖောက်ပြန်၍ အအေးလွန်ကဲခြင်း၊ နှင်းများထူထပ်စွာကျခြင်း၊ နှင်းမိုးများ ရွာခြင်းများဖြစ်ခဲ့လျှင် အိမ်တွင်းမှ အိမ်ပြင်သို့ မထွက်ဘဲ အနွေးဓာတ်ရစေရန် မီးဖိုထားခြင်း၊ အပူပေးစက်ဖြင့် အနွေးဓာတ်ပေးထားခြင်းများပြုလုပ်ပါ။ အဖျားအနာ ကာကွယ်ရန် အတွက် အောက်ပါအချက်များကို လိုက်နာပါ။

၁။         အနွေးထည်များဝတ်ထားပါ။ လည်ပင်းတွင် ဦးနှောက်သို့ပို့သော သွေးကြောရှိသဖြင့် လည်ပင်းအအေးမပတ်စေရန် လည်ပတ် ပတ်ထားပါ။ သို့မဟုတ် မာဖလာ သိုးမွေးထည်ဖြင့်ပတ်ထားပါ။

၂။         ဦးခေါင်းငယ်ထိပ်အအေးပတ်လျှင် နှာစေးတတ်သဖြင့် ကလေးငယ်များမှအစ ခေါင်းစွပ်စွပ်ပေးထားပါ။

၃။         လူကြီးများ လက်ဖျား၊ ခြေဖျားအအေးမပတ်စေရန် လက်အိတ်ခြေစွပ်များ ဆောင်ထားပါ။

၄။         အစားအသောက်မှန်သမျှကို ပူပူနွေးနွေး သုံးဆောင်ပါ။ အစားအသောက်အေးလျှင် ပြန်နွှေးပြီးမှ စားသောက်ပါ။

၅။         စားသောက်ချိန်တွင် ရေအေးနှင့် အချိုရည်မသောက်ဘဲ   ရေနွေးကြမ်းသောက်လျှင် အကောင်းဆုံးဖြစ်ပါသည်။

၆။         ပတ်ဝန်းကျင်တွင် တုပ်ကွေး စသောကူးစက်နိုင်သည့် အဖျားအနာထူသောအချိန်များတွင် အပြင်ထွက်ပြီးပြန်လာလျှင်  ချင်းထန်းလျက်ပြုတ်ရည် သို့မဟုတ် ကွမ်းရွက်ပြုတ်ရည်ကို မိသားစုလိုက် သောက်သုံးခြင်းဖြင့် အဖျားရောဂါများ ကူးစက်ခြင်း ဘေးမှ ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။      ။

ကြည်လွင်မြင့်(မုဒြာ)