သွေးလေးဖက်နာ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန်အချက်များ

ဒီနေ့မှာတော့ သွေးဖက်နာရှိရင် ဘယ်လိုနေထိုင်စားသောက်သင့်သလဲဆိုတာကို ပြောပြပေးမှာပါ။ နာတာရှည်ရောဂါဖြစ်တဲ့အတွက်
ဆရာဝန်ချည်းပဲ အားကိုးနေလို့ မရပါဘူး။ ဆေးတွေပဲ သောက်နေတာထက်စာရင် ကိုယ်ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က
လုပ်နိုင်တာလေးတွေ လိုက်လုပ်ရမှာပါ။ ဒါက ဆေးကုသမှုကို အထောက်အကူဖြစ်သလို ရောဂါကိုလည်း ပိုပြီးကောင်းကောင်းထိန်းချုပ်နိုင်ပါလိမ့်မယ်။
လေ့ကျင့်ခန်းလုပ်ပါ
တစ်နေ့ကို မိနစ် ၃၀နှုန်းနဲ့ တစ်ပတ်ကို ၅ရက် စုစုပေါင်း မိနစ် ၁၅၀လောက် လှုပ်လှုပ်ရှားရှားနေပါ။
ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ လုပ်စရာ မလိုပါဘူး။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ယောဂလေ့ကျင့်တာတွေ
လုပ်ပေးလို့ရပါတယ်။ မိနစ် ၃၀ဆက်တိုက် မလုပ်နိုင်ရင်တောင် ၁၀မိနစ် ၃ခါ လုပ်ပေးပါ။
အရိုးအဆစ်တွေ ပျက်စီးတာကို ကာကွယ်ဖို့ရယ်၊ ကြွက်သားတွေကို သန်မာစေချင်တာကြောင့်ရယ်ပါ။
တောင့်တင်းတာတွေ ပြေလျော့စေတာကြောင့် လှုပ်ရှားရတာ ပိုကောင်းလာပါလိမ့်မယ်။
ဒါ့ပြင် ရောဂါကြောင့် နုံးနေရင်လည်း လေ့ကျင့်ခန်း လုပ်လို့ ထွက်လာတဲ့ ဟော်မုန်းတွေက စိတ်ကို ကြည်စေမှာပါ။
အဝလွန်ခြင်းကို ကာကွယ်ပေးတာကြောင့် နောက်ဆက်တွဲရောဂါတွေ ဖြစ်ဖို့ အခွင့်အလမ်းနည်းသွားပါတယ်။
သတိပြုရမှာက ကိုယ်နိုင်သလောက်ပဲ လုပ်ပါ။ အပြင်းအထန်လုပ်ဖို့ မလိုပါဘူး။ အဆစ်တွေနာနေချိန်ဆို အနားယူပါ။
ကောင်းကောင်းနားပါ
သွေးလေးဖက်နာက ဖြစ်လိုက် ပျောက်လိုက်မို့လို့ ရောဂါကြွနေတဲ့ အချိန်ဆို အဆစ်တွေ နာနေပြီး လှုပ်ရှားရခက်နေတတ်ပါတယ်။
ဒီလိုအချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ထက် အနားယူတာကို ပိုအားပေးပါတယ်။ အနားယူတာက အဆစ်တွေ ရောင်ရမ်းတာ၊ နုံးတာကို
သက်သာစေပါတယ်။ ဒါကြောင့် ဆက်တိုက် မလှုပ်ရှားဘဲ ကြားထဲမှာ နားပေးပါ။ အိပ်ရေးဝအောင်လည်း အိပ်ပေးပါ။
အပူအအေးကပ်ပေးပါ
တခြား အဆစ်အမြစ်ကိုက်တာတွေလိုပဲ ရေခဲဝတ်ကပ်တာ၊ ရေနွေးအိတ်ကပ်တာတွေ လုပ်ပေးနိုင်ပါတယ်။
အဆစ်တွေ နာပြီး ရောင်နေပြီဆိုရင် ရေခဲတုံးကို အဝတ်ထဲထည့်ပြီး ခံနိုင်လောက်တဲ့ အအေးဓာတ်နဲ့ နာတဲ့နေရာကို ကပ်ပေးပါ။
တစ်ခါကပ်ရင် မိနစ် ၂၀ကပ်ပေးနိုင်ပါတယ်။ ပြီးရင် ခဏနားပြီးမှ ပြန်ကပ်ပါ။ ဒီလိုလုပ်ပေးတာက ကြွက်သားတွေ တင်းမာနေကိုလည်း ပြေလျော့စေပါတယ်။
ရေခဲဝတ်မကပ်ချင်ရင် ရေနွေးအိတ်ကပ်ပေးလို့လည်း ရပါတယ်။ ခံနိုင်လောက်တဲ့ အပူနဲ့ တစ်ခါကပ် မိနစ် ၂၀ကပ်ပေးပါ။ ပြီးရင် နားပါ။
ပြန်နာရင် ပြန်ကပ်ပါ။ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့အပြင် အဆစ်တွေ တောင့်နေတာကိုလည်း လျော့ကျစေပါတယ်။
လိမ်းဆေးတွေ၊ ကပ်ခွာတွေ၊ သောက်ဆေးတွေ အသုံးပြုပါ
ကိုက်တာခဲတာ ဖြစ်လာရင် ဒဏ်ကြေဆေးတွေ လိမ်းလို့ရသလို ပလာစတာတွေလည်း ကပ်လို့ရပါတယ်။
ဒါတွေနဲ့ မသက်သာရင်တော့ ဆရာဝန်ညွှန်ကြားထားတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။
ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်က သွေးလေးဖက်နာကို ပိုဆိုးစေပါတယ်။ ဒါကြောင့် ခဏခဏ ရောဂါပြန်ကြွနေမှာပါ။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ အကြံပေးလိုပါတယ်။
အဝမလွန်ပါစေနဲ့
ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းပါ။ အပေါ်မှာ ပြောထားတဲ့ လေ့ကျင့်ခန်းတွေက ကိုယ်အလေးချိန်လျှော့ချဖို့
အထောက်အကူဖြစ်ပါလိမ့်မယ်။ အဝလွန်ရင် နဂိုက ရောင်ရမ်းနေတဲ့ အဆစ်တွေ အပေါ်ဝန်ပိပြီး ပိုဆိုးပါလိမ့်မယ်။
စိတ်ဖြေလျှော့တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။ စိတ်ပြေလျော့ပြီး နာကျင်တာတွေကို မေ့ထားနိုင်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ စိတ်ချမ်းသာစရာတွေပဲ တွေးတာမျိုးပေါ့။ နာကျင်တဲ့ နေရာကို အသာအယာ နှိပ်နယ်ပေးတာကလည်း ကြွက်သားတွေကို ပြေလျော့စေလို့ နာကျင်မှုတွေ သက်သာစေမှာပါ။
ဘာတွေစားလို့ ဘာတွေရှောင်
အစာအာဟာရ အုပ်စုစုံပါဝင်ပြီး မျှတလုံလောက်အောင် စားတာက ကိုယ်အလေးချိန်ကို ထိန်းနိုင်တဲ့အပြင် ရောင်ရမ်းမှုတွေကိုလည်း
သက်သာစေနိုင်ပါတယ်။ လေးဖက်နာရောဂါရှိသူတွေ အနေနဲ့ သဘာဝအစားအစာတွေထဲမှာ ထူးထူးခြားခြားရှောင်ရမယ့် အစားအစာ သိပ်မရှိပါဘူး။ ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေ၊ အဆီအဆိမ့်တွေတော့ ရှောင်ရပါမယ်။
လေးဖက်နာရောဂါရှိသူတွေအတွက် အစားသေချာစားတာက ရှောင်တာထက် ပိုအရေးကြီးပါတယ်။
ပိုစားပေးသင့်တာတွေကတော့
အိုမီဂါ ၃ ဖက်တီးအက်စစ် ကြွယ်ဝတဲ့အစားအစာတွေ
အိုမီဂါ ၃ ဖက်တီးအက်စစ်က သွေးလေးဖက်နာရောဂါမှာ နာကျင်တာနဲ့ အဆစ်တွေ တင်းတာကို သက်သာစေတယ်လို့ ဆိုပါတယ်။
သဘာဝအစားအစာတွေထဲမှာဆိုရင် အဆီပါတဲ့ငါး (ဆယ်မွန်၊ တူနာ၊ မြန်မာပြည်မှာဆို ငါးမြင်းဗိုက်သား၊ ပင်လယ်ငါး)၊
ချီယာစေ့၊ နှမ်းကြတ်စေ့၊ သစ်ကြားသီး စတာတွေ စားပေးပါ။
အပြင်က ဖြည့်စွက်အားဆေးတွေ (ငါးကြီးဆီ) သောက်လည်း ရပါတယ်။ ဒါပေမယ့် ဖြည့်စွက်အားဆေးတွေ သောက်မယ်ဆိုရင်
တခြားဆေးတွေနဲ့ ဓာတ်ပြုနိုင်လို့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သောက်စေချင်ပါတယ်။ တချို့သူတွေမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့
ပျို့အန်တာ၊ ဗိုက်ပွတာ စတဲ့ သာမန်လက္ခဏာလေးတွေ ပြတတ်ပါတယ်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေ
ဗီတာမင် အေ၊ စီ၊ အီးနဲ့ ဆီလီနီယမ် ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့လိုပါတယ်။ ဥပမာ ဘယ်ရီသီး အုပ်စု (စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ)၊ ဟင်းနုနွယ်၊ ပဲ၊ တခြား အစိမ်းရောင်အရွက်တွေ၊ ချဉ်တဲ့ အသီးတွေ စားပေးပါ။ ဒီဓာတ်တွေက ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။
အမျှင်ဓာတ်ပါတဲ့ အစားအစာတွေ
အမျှင်ဓာတ်က ရောင်ရမ်းမှုကို လျှော့ချပေးလို့ C-reactive proteinကို နည်းစေတယ်လို့ ဆိုပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့
ကောက်နှံတွေ၊ လတ်ဆတ်တဲ့ အသီးတွေ၊ အရွက်တွေ များများစားပေးပါ။
Flavonoids
ဒီဓာတ်ပါဝင်မှုများတဲ့ ပဲအမျိုးမျိုး၊ တို့ဖူး၊ ဘယ်ရီသီး၊ လက်ဖက်စိမ်း၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ်သီး စတာတွေကို စားပေးပါ။
သွေးလေးဖက်နာဟာ နာတာရှည်ရောဂါဖြစ်လို့ တစ်သက်လုံး ရောဂါကို ထိန်းသွားရမှာပါ။ ဒါပေမယ့် စိတ်ဓာတ်ကျစရာ မလိုပါဘူး။
ဆေးတွေ မှန်မှန်သောက်မယ်၊ ဆောင်ရန် ရှောင်ရန်တွေ လိုက်နာမယ်၊ အာဟာရရှိအောင် စားမယ်ဆိုရင် သာမန်လူလိုပဲ နေနိုင်ပါတယ်။
ဒါ့ပြင် ကိုယ်နဲ့ ဘဝတူ လေးဖက်နာဝေဒနာရှင်တွေနဲ့ မကြာခဏစကားပြောတာ၊ အချင်းချင်း အားပေးတာကလည်း စိတ်သက်သာရာ ရစေပါတယ်။