မန်းရွှေစက်တော်ရာပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ဇန်နဝါရီ ၂၅ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ရာဘုရားပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနား၊ အထူးတံတားနှင့်  အထူးမုခ်ဦးဖွင့်လှစ်ခြင်း မင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

        မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ မဟာဝိသုတာရာမတိုက်သစ် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တညာဏိက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ကြည်ညိုကြပါတယ်။

        အဆိုပါတံတားကို မန်းရွှေစက်တော်ရာဘုရားပွဲ ကျင်းပပြုလုပ်သည့်ကာလအတွင်း တည်ဆောက်မည့် မန်းချောင်းကူး ယာယီဝါးတံတားအစား ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာ ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လမ်းညွှန်မှာကြားချက်အရ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး     တံတားအရှည် ၁၀၀ ပေ၊ အကျယ် ၁၄ ပေ ရှိကြောင်းနှင့် တံတား၏ခံနိုင်ဝန်မှာ (၁၃) တန် ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ချောင်းရေထိန်းသိမ်း ရန်အတွက် ရေထိန်းနံရံ ရေတား ၁ ခု ကိုလည်း ထည့်သွင်းဆောက်လုပ်ခဲ့ကြောင်း သိရှိရပါတယ်။

ထို့နောက် မန်းရွှေစက်တော်အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက်ဖန်အုပ် သျှောင်တော်ဖွင့်လှစ်ခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အလင်းပေါက်ဖန်အုပ်သျှောင်တော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်တို့က မန်းရွှေစက်တော် အောက်ခြေ တော်ရာ ပါဒစေတီတော်မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာ တင်တော်မူပြီး ဗုဒ္ဓပါဒ ခြေတော်ရာအား နမ္မဒါရေစင်ဖြင့်သွန်းဖျန်း၍ ရွှေသင်္ကန်းများ ဆက်ကပ်ပူဇော်ကြသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါတယ်။

        အဆိုပါ မန်းရွှေစက်တော်ရာဘုရားပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှ ဧပြီ ၁၇ ရက်အထိ ၈၃ ရက်တိုင်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။