တောင်သူတွေအတွက် သီးနှံချေးငွေ ဇန်နဝါရီလကုန်ထိ ထုတ်ချေးပေးမယ်

မန္တလေးတိုင်းဒေသကြီးမှာ တောင်သူတွေအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ လကုန်အထိ တစ်လထပ်တိုး ထုတ်ချေးပေးမယ်လို့ မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ဧက လေးသောင်းကျော်အတွက် ကျပ် ၄ ဒသမ ၂ ဘီလီယံကျော် ထုတ်ချေးဖို့လျာထားတာဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်ကနေ ဒီဇင်ဘာလကုန်အထိသာ ထုတ်ချေး ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ တောင်သူတွေအနေနဲ့ သွားလာရေးအခက်အခဲတွေ ရှိနေတာကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ ချေးငွေ သက်တမ်းကို တစ်လထပ်တိုး ထုတ်ချေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကို စပါးတစ်ဧကကို ကျပ် ၁၅၀,၀၀၀ နှုန်းနဲ့ မြေပဲ၊ ပဲတီစိမ်း၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲပုပ်၊ ပဲလွမ်း၊ ပြောင်း စတဲ့အခြားသီးနှံတွေအတွက် တစ်ဧကလျှင် ငွေကျပ် ၁၀၀,၀၀၀ နှုန်း ထုတ်ချေးပေးတာဖြစ်ပါတယ်။ လက်ရှိမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်မှာ စိုက်ဧက ၁၄,၁၆၅ ဧကအတွက် တောင်သူ ၃,၂၆၈ ဦးကို ချေးငွေ ကျပ် ၁,၄၅၀ ဒသမ ၈ သန်း ထုတ်ချေးပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

#PAN