မနက်စာမစားရင်ရမယ့် ဆိုးကျိုးတွေ

မနက်စာကို မမီလို့ပဲဖြစ်ဖြစ်၊ မအားလို့ပဲဖြစ်ဖြစ် မစားဖြစ်ပဲနေနေကြတုန်းလား။ ဒါဆိုရင်တော့ ဒီအကျင့်လေးတွေကို
ပြင်ပေးသင့်တယ်နော်။ မနက်စာမစားတဲ့အခါ ဆိုးကျိုးဘယ်လောက်တောင်ရနိုင်လဲဆိုတာ ပြောပြပေးမှာမို့ ဒါလေးဖတ်ပြီးရင်တော့
မနက်စာကို မဖြစ်မနေ စားပေးကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်…
(၁) နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
လေ့လာမှုတစ်ခုအရ မနက်စာမစားတဲ့ အမျိုးသားတွေက မနက်စာ စားတဲ့သူတွေထက် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ 27% ပိုများပါတယ်။
ဒါ့အပြင် မနက်စာ မစားတဲ့သူတွေက နာတာရှည် နှလုံးသွေးကြောရောဂါတွေဖြစ်တဲ့ သွေးတိုး၊ လေဖြတ်ခြင်း စတာတွေ ဖြစ်နိုင်ခြေ
ပိုများပါတယ်။
(၂) အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေများပါတယ်။
မနက်စာ စားကျင့်မရှိတဲ့ အမျိုးသမီးတွေက နေ့စဉ် မနက်စာ စားတဲ့သူတွေနဲ့ယှဉ်ရင် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ
ပိုများပါတယ်။ ပိုဆိုးတာက မနက်စာမစားဘဲ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေက ဆီးချိုရောဂါ ဖြစ်နိုင်ခြေ 54% ပိုများပါတယ်။
(၃) ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။
လေ့လာမှုတွေအရ မနက်စာမစားတာရဲ့ နောက်ထပ်ဆိုးကျိုးတစ်မျိုးကတော့ ကိုယ်မှန်းထားသလောက် ကိုယ်အလေးချိန်မကျဘဲ
ပိုတက်လာစေပါတယ်။
(၄) စိတ်ခံစားမှုနဲ့ အားအင်တွေအပေါ် မကောင်းတဲ့ အကျိုးသက်ရောက်စေပါတယ်။
မနက်စာ မစားတာက အားအင်ကို လျော့ကျစေပြီး မှတ်နိုင်စွမ်းအားကိုလည်း နည်းစေပါတယ်။
(၅) ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။
မနက်စာ မစားတဲ့အတွက် နေ့ဘက်တွေမှာ အစာပိုစားမိလာကာ အဝလွန်လာပါတယ်။ အဝလွန်တဲ့သူတွေက ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။
(၆) သိမြင်နိုင်စွမ်းကို လျော့ကျစေတယ်။
မနက်စာစားခြင်းက သိမြင်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့အတွက် မနက်စာမစားပါက ဒီလုပ်ငန်းစဉ်ကို လျော့ကျစေပါတယ်။
(၇) ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေပါတယ်။
တစ်ညလုံး ၁၂ နာရီလောက် အစာမရှိဘဲ နေ့တစ်နေ့ရဲ့ မနက်ခင်းမှာ စားရတဲ့ ပထမဆုံးအစာကို မစားတာ ဖြစ်တဲ့အတွက် သွေးတွင်း
သကြားဓာတ်ကို လျော့ကျစေပြီး ခေါင်းတစ်ခြမ်းကိုက်စေပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တာ ပျောက်ချင်တယ်ဆိုရင် မနက်စာပုံမှန်စားပါ။
(၈) ဆံပင်ကျွတ်ခြင်းကို ပိုဆိုးစေပါတယ်။
မနက်စာ မစားတဲ့ အဓိကဆိုးကျိုးများအနက် တစ်ခုကတော့ ဆံပင်ကျွတ်တာပါ။ မနက်စာဆိုတာ နေ့တစ်နေ့အတွက် မရှိမဖြစ် အရေးကြီးပြီး ဆံပင်မွေးညင်းပေါက်တွေ ကြီးထွားဖို့အတွက် အားပေးပါတယ်။ ဒါကြောင့် ဆံပင်မကျွတ်ဘဲ တောက်ပြောင်တဲ့ဆံသားတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အသားဓာတ်ကြွယ်ဝတဲ့ မနက်စားကို နေ့စဉ် စားသုံးပါ။
(၉) ဇီဝကမ္မဖြစ်စဉ်အပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။
ကားတွေက လောင်စာဆီမရှိရင် အလုပ်မလုပ်သလိုဘဲ လူတွေမှာလည်း ဇီဝကမ္မဖြစ်စဉ် လည်ပတ်ဖို့အတွက် မနက်စာစားဖို့ လိုပါတယ်။
(၁၀) အရက်နာကျတာကို ပိုဆိုးစေပါတယ်။
ညဘက်မှာ အရက် အလွန်အကျွံ သောက်ထားပါက နောက်တစ်နေ့မနက်မှာ အာဟာရပြည့်ဝတဲ့ မနက်စာကို စားသုံးလိုက်မယ်ဆိုရင်
အရက်နာကျတာကို သက်သာစေပါတယ်။ ဒီလိုမဟုတ်ဘဲ မနက်စာ မစားဘူးဆိုရင် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး အရက်နာကျတာကို ပိုဆိုးစေကာ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အရက်နာကျတာကို သက်သာစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို စားသုံးပါ။

(Dr. Mya Myo Myo Swe (www.drmyanmar.com)မှ ကူးယူဖော်ပြသည်)