မနက်ခင်းရအားကစား သတင်းတိုများ

⚽ အင်္ဂလန်နဲ့ အဲဗာတန်အသင်းတို့ရဲ့ဂိုးသမားဖြစ်သူ အသက် ၂၈ နှစ်အရွယ် ဂျော်ဒန်ပစ်ဖို့ဒ်ဟာ အဲဗာတန်အသင်းနဲ့စာချုပ်သက်တမ်းတိုးမြှင့်ဖို့နီးစပ်နေပြီလို့ The Time သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လတုန်းက ဆန်းဒါးလန်းအသင်းကနေ ပေါင်သန်း ၃၀ ဝန်းကျင်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ပစ်ဖို့ဒ်ဟာ အဲဗာတန်အသင်းအတွက်ပွဲပေါင်း ၂၂၂ ပွဲ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲ ၅၀ ပွဲထွက်ခွင့်ရထားသူဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတုန်း ပရီးမီးယားလိဂ်အသင်းကြီးအချို့နဲ့နာမည်ထွက်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

⚽ ဘာစီလိုနာအသင်းရဲ့နည်းပြဖြစ်သူ ဇာဗီက သူနဲ့ ဂန္တဝင်ကစားသမားဟောင်းမက်ဆီမှာ အဆက်အသွယ်မပြတ်ရှိသည်ဟုပြောဆိုခဲ့ပြီးနောက် လာမယ့်နွေရာသီမှာ PSG အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းဆီပြန်လာဖွယ်ရှိနေတယ်လို့ Goal သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ မက်ဆီဟာ PSG အသင်းအတွက် နှစ်နှစ်အတွင်း ပြိုင်ပွဲစုံ ၆၁ ပွဲမှာ သွင်းဂိုး ၂၇ ဂိုး ဂိုးဖန်တီးမှု ၂၉ ကြိမ်ပြုလုပ်ပေးထားပြီး ထိပ်တန်းအဆင့်ခြေစွမ်းပြသနေဆဲဖြစ်တာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီသာပြန်လာခဲ့မယ်ဆိုရင် ပြန်လည်ကြိုဆိုဖွယ်ရှိနေတယ်လို့ Goal သတင်းဌာနကဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

⚽ အာဆင်နယ်အသင်းဟာ အသင်းမှာဆက်ရှိနေဖို့စိတ်အားထက်သန်နေတဲ့ အသက် ၃၀ အရွယ် ဆွဇ်ဇာလန်ကစားသမား ဂရန်းနတ်ချာကာကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ပြင်ဆင်နေတယ်လို့ 90 Minutes သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် မေလတုန်းက မိုချန်ဂလာဘတ်အသင်းကနေ ပေါင် သန်း ၃၀ ကျော်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ချာကာဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၈၁ ပွဲထိကစားပေးထားသူဖြစ်ပြီး သူ့ရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာကုန်ဆုံးမှာဖြစ်ပါတယ်။

⚽ လာမယ့်အပြောင်းအရွှေ့ကာလမှာ ဥရောပထိပ်သီးအသင်းကြီးတော်တော်များများကခေါ်ယူဖို့ကြိုးစားဖွယ်ရှိနေတဲ့ ဒေါ့မွန်အသင်းရဲ့ အသက် ၁၉ နှစ်အရွယ် အင်္ဂလန်လူငယ်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်ကိုခေါ်ယူဖို့နာမည်ကြီးနေတဲ့ အသင်း ၃ သင်းဟာ အခက်အခဲတစ်ချို့နဲ့ကြုံတွေ့နေခဲ့ရပြီးနောက် အဆိုပါအင်္ဂလန်ဆယ်ကျော်သက်ကိုခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းကပြန်လည်စိတ်ဝင်စားလာခဲ့တယ်လို့ The Sun သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ဒေါ့မွန်အသင်းက ပေါင် ၁၃၂ သန်းထိဈေးခေါ်ထားပြီး ပြောင်းရွှေ့ကြေးအမြင့်မားဆုံးဆယ်ကျော်သက်အဖြစ်စံချိန်တင်ဖွယ်ရှိနေတဲ့ ဘယ်လင်ဂမ်ကို လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးအသင်းတို့က ကာလရှည်ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ဂမ်ကိုခေါ်ယူဖို့ လီဗာပူးလ်အသင်းက ရေပန်းအစားဆုံးဖြစ်ပေမယ့် အသင်းပိုင်ရှင်သစ်တွေရဲ့ ရင်းနှီးမြှုပ်နှံသူအသစ်ရှာဖွေနေတဲ့အခြေအနေကြောင့် ဘယ်လင်ဂမ်ကိုခေါ်ယူရေးဆုံးရှုံးရဖွယ်ရှိနေသလို၊ ရီးရဲလ်မက်ဒရစ်အသင်းဟာလည်း ချုအာမန်နီ၊ ကာမာဗင်ဂါနဲ့ ဘယ်လင်ဂမ်တို့ပါဝင်တဲ့ ကွင်းလယ်ကိုတည်ဆောက်လိုပေမယ့် လုံလောက်တဲ့ရန်ပုံငွေမရှိဘူးလို့ The Sun သတင်းဌာနကဖော်ပြခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာလည်း ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေကိုဖြေရှင်းရဖွယ်အခြေအနေတွေရှိနေသေးတဲ့အတွက် အင်္ဂလန်မြေကို ပြန်လာဖွယ်ရှိနေတဲ့ ဘယ်လင်ဂမ်ကို မန်ချက်စတာယူနိုက်တက်အသင်းကခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာလည်းဖြစ်ပါတယ်။

crd#Sport7