ဘောင်မကျော်စေနဲ့

လူတစ်ယောက်
ဒုက္ခရောက်နေပြီဆိုရင်
ထိုပုဂ္ဂိုလ်ကိုကြည့်ပြီး
အကြင်နာတရားတွေပွားလို့
ဒုက္ခတရားကို ဘယ်နည်းနဲ့
ကူညီဖြေရှင်းပေးရမလဲလို့ နှလုံးသားရဲ့လှုံ့ဆော်မှုဖြစ်တယ်။

အဲဒီလို
လှုဆော်မှုပေးတဲ့သဘာဝတရားကို
ကရုဏာလို့ခေါ်တယ်၊
ကရုဏာဆိုတာဟာ တစ်ဖက်သားကိုကြည့်ပြီး
စိတ်ရဲ့ကြင်နာမှုကို ခေါ်တယ်။

သောကဆိုတာဟာ အဲဒီလိုမဟုတ်ဘူး..
ဖြစ်ရလေခြင်းဆိုပြီး ဝမ်းနည်းတဲ့သဘောဖြစ်တယ်
သောက ဆိုတာက
ဒေါသနဲ့ယှဉ်ပြီး စိုးရိမ်မှု ခံစားချက်တစ်ခုဖြစ်တယ်။

ကရုဏာ နဲ့ သောကဟာ
အလွန်နီးစပ်တယ်
သောက က
ကရုဏာယောင်ဆောင်ပြီးတော့ ဝင်လာတတ်တယ်။

ကရုဏာဆိုတဲ့ဘောင်ကိုကျော်ပြီး သောကဖြစ်သွားရင်
ကုသိုလ်လိုလိုနဲ့ အကုသိုလ်ဖြစ်သွားရော
ဒါ သတိထားရမယ့်အချက်ပဲ။

ဒါကြောင့်
သောကသည် ကရုဏာ၏ အနီးကပ်ရန်သူလို့ စာပေကျမ်းဂန်တွေမှာဆိုတယ်။

ကရုဏာ စစ်စစ်ဆိုတာက
အင်မတန်မှမွန်မြတ်သန့်စင်တဲ့တရား
အဲဒီကရုဏာတရားကို မိမိသန္တာန်မှာ ဖြစ်ပွားစေချင်ရင်
“အခက်အခဲတွေမှ လွတ်မြောက်ကြပါစေ”
“ဒီလိုအကျပ်အတည်းကြီးမှ
လွတ်မြောက်ကြပါစေ”
“ဒုက္ခတွေမှ လွတ်မြောက်ကြပါစေ” ဆိုတဲ့
ဒီလိုစိတ်ဓာတ်မျိုးတွေကို များများဖြစ်ပွားစေရမယ် ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏