ဘိုကာရှီမြေသြဇာ အလွယ်တကူပြုလုပ်နည်း

ဘိုကာရှီသဘာဝမြေသြဇာဆိုတာ သဘာ၀ကုန်ကြမ်းတွေကို ၎င်းတို့မှာပါ၀င်တဲ့ NPK ပါ၀င်မှုများအလိုက် အချိုးညီညီ
ပြုလုပ်ထားတဲ့ သဘာဝမြေသြဇာဖြစ်ပါတယ်။ အပင်များကို ဘိုကာရှီကျွေးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးများကတော့
၁။ ပင်စည်၊ အကိုင်းအခက်၊ အရွက်စသည် ဖွံ့ဖြိုးတိုးပွားမှုမြန်စေခြင်း၊
၂။ အဖူး၊ အပွင့်၊ အသီးများ ကြွေကျမှုနည်းစေခြင်း၊ (အသီးဖြစ်ထွန်းမှု အားကောင်းစေခြင်း)
၃။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ အရသာ၊ အရည်အသွေးမြင့်မားစေခြင်း၊
၄။ အပင်များ ကျန်းမာသန်စွမ်းစေနိုင်ခြင်း၊
၅။ အဖျက်ပိုး၊ ရောဂါပိုးတို့၏ တိုက်ခိုက်မှုဒဏ်ကိုလည်း ခုခံကာကွယ်နိုင်စွမ်းရည်မြင့်စေခြင်း၊
၆။ မြေကြီးအတွင်း Organic Matter တိုးပွားလာစေသဖြင့် ၎င်းကို မှီတင်းနေထိုင်ကြတဲ့ အပင်အကျိုးပြု
အဏုဇီ၀ပိုးများ တိုးပွားလာကာ အပင်အတွက်လိုအပ်တဲ့ အစာအာဟာရဓာတ်ကို ပေါများကြွယ်ဝစေခြင်း၊
၇။ မြေကြီးအစိုဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းရှိတာကြောင့် ရေငတ်ဒဏ်၊ မိုးခေါင်ဒဏ်၊ နေလောင်ဒဏ်စတဲ့
ရာသီဥတုဆိုးကျိုးဒဏ်တွေကို ခုခံနိုင်စွမ်းရှိခြင်းတို့ဖြစ်ပါတယ်။ ဘိုကာရှီသဘာဝမြေသြဇာကို
အလွယ်တကူပြုလုပ်နိုင်တဲ့ ပါ၀င်ပစ္စည်းများနဲ့ အချိုးအစားများကတော့…
(၁) ကြက်ချေး/ နွားချေး ၅ အိတ် (တစ်တင်းခွဲအိတ်)
(၂) မြေဆွေး ၃ အိတ် (တစ်တင်းခွဲအိတ်)
(၃) ဖွဲနု ၁ အိတ် (တစ်တင်းခွဲအိတ်)
(၄) ထင်းပြာ ၂ အိတ် (တစ်တင်းခွဲအိတ်)
(၅) စပါးခွံပြာ ၁ အိတ် (တစ်တင်းခွဲအိတ်)
(၆) တင်လဲရည် ၅၀ ကျပ်သား (တစ်လီတာ)
(၇) EMအပြင်း (၅ လီတာ)
ကြက်ချေး/ နွားချေး၊ မြေဆွေး၊ ဖွဲနု၊ ထင်းပြာ၊ စပါးခွံပြာတို့ကို ရောနယ်ကာ ၂၄ နာရီသိပ်ထားပြီး
တင်လဲရည်၊ EM အပြင်းရည်တို့ဖြင့် ရောမွှေကာ ကုန်ကြမ်းများရောထားသော အပုံတွင်းသို့ ရေလိုသလောက်ရောကာ ဖြန်းနိုင်ပါတယ်။
သမစွာမွှေရန် အဓိကကျပြီး ၎င်းအရောအနှောကို လက်ဖြင့်ဆုပ်ကြည့်လျှင် အလုံးဖြစ်ပြီး လက်ညိုးဖြင့် ဖိလိုက်လျှင်
ကွဲသွားသော အနေအထားဖြစ်ရပါမယ်။ ရေနည်းလျှင် အလုံးမဖြစ်ပါ။ ရေများလျှင် လက်ညိုးဖြင့်ဖိလျှင် မကွဲပါ။
ရေနည်းလျှင် အဏုဇီ၀ပိုး ပေါက်ပွားနှုန်းနှေးပြီး၊ ရေများပါကလည်း ပုပ်ပြီး လုံး၀မဖြစ်တော့ပါ။ ထိုကြောင့် ရေစိုထိုင်းဆသည်
အလွန်အရေးကြီးပါတယ်။ ၎င်းအရောအနှောကို အမြင့် ၁ပေခွဲအထိ ပုံပေးပါ။
၎င်းအပုံ၏ အပေါ်မှ ကောက်ရိုး (သို့မဟုတ်) မြက်ခြောက် (သို့မဟုတ်) ငှက်ပျောရွက်တို့ဖြင့် ဖုံးအုပ်နိုင်ပါတယ်။
ဖုံးအုပ်ပြီး ၂ပတ်ခန့်အကြာမှာ စတင်အသုံးပြုနိုင်ပါတယ်။ နွေရာသီတွင် ၃-၄ရက်၊ ဆောင်း/မိုးတွင် ၇-၈ရက်ထား၍ အသုံးပြုနိုင်ပါတယ်။
ဘိုကာရှီ သဘာဝမြေသြဇာကို နေရောင်တိုက်ရိုက်မကျသော သစ်ပင်၊ ဝါးပင်အောက်များ၌ ပြုလုပ်သင့်ပါတယ်။ မိုးရာသီတွင် အမိုးမိုးပေးရပါမယ်။ ရေမ၀င်စေရန် ကုန်းအမြင့်ပိုင်းတွင် ပြုလုပ်သင့်ပါတယ်။နေပူပြင်းနေချိန်တွင် မပက်ဖျန်းသင့်ပါ။ ညနေစောင်းအချိန်၊ မိုးအုံ့ချိန်၊ မိုးရွာပြီးချိန်များတွင်သာ အသုံးပြုသင့်ပါတယ်။ အလင်းရောင်မထိပဲ (၆) လအထိ သိုလှောင်ထားနိုင်ပါတယ်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးများ ပက်ဖျန်းထားရင် ၎င်းဆေးဖျန်းပြီး (၇)ရက်ကြာမှ အီးအမ်ဘိုကာရှီကို ပက်ဖျန်းရပါမယ်။ သိမ်းဆည်းထားတဲ့ အီးအမ်ဖျော်ရည်ဟာ အပုပ်နံ့ထွက်လာပါက ဆက်မသုံးစွဲသင့်ပါ။