ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့

🙏🙏🙏🙏🙏🙏🙏

လူအများစုဟာ ကိုယ်လိုချင်တာ မရဘူး ကိုယ်ဖြစ်ချင်တာ မဖြစ်ဘူးဆိုရင် အလွယ်တကူလည်း စိတ်ညစ်တတ်တယ်
အပြင်းအထန်လည်း စိတ်ညစ်တတ်တယ်။ ကိုယ်မရတာ ကိုယ်မဖြစ်တာကိုပဲ ထပ်တလဲလဲ တွေးပြီး ကိုယ့်စိတ်ကို
ညှဉ်းဆဲနေတတ်တယ်။ လူရယ်လို့ဖြစ်လာရင် ပစ္စည်းဥစ္စာလည်း ပြည့်စုံချင်တယ်။ အခြံအရံလည်း ပေါများချင်တယ်။ အချီးအမွမ်းလည်း ခံယူချင်တယ်။

ကိုယ်စိတ်နှစ်ပါးလည်း ချမ်းသာချင်တယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ကိုယ့်မှာ အဲဒါတွေ အားလုံး ဒါမှမဟုတ် တချို့မပြည့်စုံဘူး။ အဲဒီအခါ မပြည့်စုံတဲ့အချက်တွေကို တွေးပြီး စိတ်ညစ်နေမယ် စိတ်ဆင်းရဲနေမယ်။ ဟိုလူဒီလူကို အပြစ်ဖို့နေမယ်ဆိုရင် ကိုယ်ဟာ စိတ်ဓာတ် ပျော့ညံ့တဲ့သူ လောကဓံ ခံနိုင်ရည် မရှိတဲ့သူ ဖြစ်သွားမယ်။ လောကမှာ အဆိုးလောကဓံတွေနဲ့ တွေ့ကြုံ ချင်တဲ့ လူရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ ဒါပေမယ့် အနည်းနဲ့အများဆိုသလို တစ်ချိန်မဟုတ် တစ်ချိန်မှာ တွေ့ကြုံနေကြရတာချည်းပါပဲ။

အဲဒီလို တွေ့ကြုံလာတဲ့အခါမှာ မတုန်မလှုပ် ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ စိတ်ညစ်နေ စိတ်ဆင်းရဲနေ ဟိုလူဒီလူကို အပြစ်ဖို့နေလို့ အဆိုး လောကဓံက ပျောက်ပျက်မသွားတဲ့အပြင် တစ်ပူအပေါ်နှစ်ပူဆင့်ပြီး ဆိုးသထက် ဆိုးလာဖို့ ဆိုးတွင်းနက်သွားဖို့ပဲ ရှိပါတယ်။ တကယ်တော့ အကောင်းလောကဓံတွေနဲ့ချည်း တွေ့ကြုံနေရတဲ့လူ၊ အဆိုးလောကဓံတွေနဲ့ချည်း တွေ့ကြုံနေရတဲ့လူရယ်လို့ လောကမှာ မရှိပါဘူး။

အခြေအနေ အချိန်အခါအားလျော်စွာ အကောင်းလောကဓံရော အဆိုးလောကဓံရော ရောနှောပေါင်းစပ်ပြီး ခံစားနေကြရတာပါ။ အကောင်းလောကဓံ ပိုများတဲ့လူ အဆိုးလောကဓံ ပိုများတဲ့လူရယ်လို့တော့ ရှိမှာပေါ့။ ဒါကလည်း ကိုယ့်ကံရဲ့အကျိုးကို ကိုယ်ခံစားရတာပါ။ ကောင်းကံများများ ပြု ခဲ့တဲ့လူက အကောင်းလောကဓံနဲ့ ပိုများများ တွေ့ကြုံရပြီး ဆိုးကံများများ ပြု ခဲ့တဲ့လူက အဆိုးလောကဓံကို ပိုများများခံစားရမှာပါပဲ။ ဘယ်သူမပြု မိမိမှုပါ။

အဆိုးလောကဓံနဲ့ တွေ့ကြုံလာရင် ငါ့ရဲ့ကံဆိုးတွေ အကျိုးပေးတာပဲလို့ နှလုံးသွင်းပြီး စိတ်ဖြေသင့်ပါတယ်။ အဆိုးလောကဓံအပေါ် စိတ်ဆင်းရဲမှု မကျေနပ်မှုတွေနဲ့ တုံ့ပြန်ပြီး အချိန်မဖြုန်းနေပဲ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကိုပဲ အရှိန်အဟုန်မပျက် ဆက်လုပ်သင့်ပါတယ်။ အဆိုးလောကဓံက ကိုယ့်ရဲ့အလုပ်ကို အတိုင်းအတာတစ်ခုအထိ အရှိန်တန့် သွားစေတယ်ဆိုရင်လည်း ရှိသလောက် အရှိန်ပမာဏနဲ့ပဲ လုပ်ခွင့် ရသလောက် ဆက်လုပ်နေသင့်ပါတယ်။ အဆိုးလောကဓံကြောင့် ကိုယ်လုပ်နေမြဲ အလုပ်ကို ရပ်တန့်မပစ်သင့်ပါဘူး။

ကိုယ်တွေ့ကြုံနေရတဲ့ အဆိုးလောကဓံကို အကောင်းဘက်ကနေ လှည့်တွေးတတ်မယ်ဆိုရင်လည်း စိတ်ချမ်းသာမှုကို ရရှိနိုင်ပါတယ်။ ဥပမာ-လူပျို ကြီး ဖြစ်ရတာကို အခြံအရံမရှိခြင်း (အယသ) အဆိုးလောကဓံနဲ့ တွေ့ကြုံနေရတယ်လို့ ယူဆနေတယ်ဆိုပါစို့။

“သြော်… ငါ့ဘဝ လူပျို ကြီးဖြစ်ရတာ ကံကောင်းလိုက်တာ အိမ်ထောင်သာကျခဲ့ရင် မိန်းမဒုက္ခ သားသမီးဒုက္ခတွေ ခုလောက်ဆို
တစ်သီကြီး ခံစားနေရပြီ ယောက္ခမဒုက္ခ ယောက်ဖဒုက္ခတွေလည်း အဆစ်ပါချင် ပါလာဦးမှာ အခုတော့ ဒီဒုက္ခတွေကင်းလို့ ချမ်းသာလိုက်တာ -“သွားချင်ရာသွား လုပ်ချင်ရာလုပ်နဲ့ လွတ်လပ်လိုက်တာ လှူ စရာရှိလည်း မငဲ့မကွက် လှူ နိုင်တယ်။ တရားနာစရာ တရားထိုင်စရာရှိလည်း နောက်ဆံမတင်းပဲ ထိုင်နိုင်တယ်။ ခုနေတုန်း ဘုန်းကြီးဝတ်မယ်ဆိုရင်လည်း ချက်ချင်းဝတ်လို့ရတယ်။ ဟန်ကျလိုက်တာ ငါ့ဘဝ အရတော်လေခြင်း”လို့ အဲဒီလို နှလုံးသွင်းလိုက်မယ်ဆိုရင် လူပျို ကြီးဖြစ်နေရတဲ့ ကိုယ့်ဘဝကို ကျေနပ်နှစ်သက်ပြီး စိတ်ချမ်းသာလာမှာပါ။

အဲဒီလိုမှ အကောင်းဘက်ကနေ နှလုံးမသွင်းတတ်ဘူးဆိုရင်တော့ “အထီးကျန်ဘဝမို့ အကျည်းတန်လှပါတယ် အမေရဲ့”ဆိုပြီး အမြဲတမ်းစိတ်ဆင်းရဲနေမှာပါ။ သီတင်းကျွတ်တိုင်း မျက်ရည်ဝိုင်းရတာဟာ အဆိုးလောကဓံကို အကောင်းတွေးစိတ်ဓာတ် တွေနဲ့ ခံနိုင်ရည်မရှိလို့ပါ။

အခုဆိုးနေပေမယ့် အချိန်တန်ရင် ကောင်းလာမှာပါ ဘာမှ မမြဲတဲ့လောကကြီးမှာ အဆိုးလောကဓံတွေကလည်း မမြဲပါဘူး။ မုန်တိုင်းထန်ပြီးရင် လေပြေလေညှင်း တိုက်ခတ်လာပါလိမ့်မယ်။ ဘာမှတွေးပူမနေနဲ့ လို့ ကိုယ့်ကိုယ်ကို အားပေးလိုက်ရုံပါပဲ။

ဖြစ်ချင်တာဖြစ် စိတ်မညစ်နဲ့ တောင်တွေး မြောက်တွေး စိတ်မလေးနဲ့ တောင်ကြံ မြောက်ကြံ မပူပန်နဲ့ လူမှန်သမျှ ထိုက်တန်သောအကျိုးကို ရမည်သာ ဆိုတဲ့ သဘာဝဆောင်ပုဒ်ကလေးဟာ အဆိုးလောကဓံတွေနဲ့ တွေ့ကြုံနေရသူတွေကို အပြုံးမပျက် ခံနိုင်ရည်ရှိစေတဲ့ စိတ်အား ဖြည့် ဆောင်ပုဒ်ကလေးပါပဲ။

လောကဓံတွေကို မတုန်မလှုပ် ခံနိုင်ရည်ရှိ သွားပြီဆိုရင် ငြိမ်းအေးသော ဘဝပိုင်ရှင်ဖြစ်ပါပြီ။

အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
🙏🙏🙏🙏🙏🙏🙏🙏🙏