ပျော်ရွှင်ဆင်နွှဲ မဟာသင်္ကြန်ပွဲ

 မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ခူးလဆုတ် ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ)သည် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော်ဖြစ်သည်။

ဤအခါသမယတွင် မြန်မာလူမျိုးတို့သည် သက်ကြီးဝါကြီးများအား ပူဇော်သက္ကာရပြုခြင်း၊ ရှင်ပြုရဟန်းခံ အလှူမင်္ဂလာများ ကျင်းပခြင်းနှင့်  တိရစ္ဆာန်များ ဘေးမဲ့လွှတ်ခြင်း စသောမင်္ဂလာ အမှုတို့ကိုပြုမြဲဖြစ်သည်။

ထို့ပြင် နှစ်ဟောင်းတွင် ကိုယ်စိတ်နှစ်ပါးတို့၌ အညစ်အကြေးများရှိခဲ့ပါက ဆေးကြောသန့်စင်သည့် အနေဖြင့် တစ်ဦးနှင့်တစ်ဦး  ကြည်လင်သန့်ရှင်း မွှေးပျံ့သင်းသည့် နံ့သာရည်များကို  သပြေခက်ဖြင့် ပက်ဖျန်းကြသည့် ဓလေ့အစဉ်အလာလည်း ရှိသည်။ သင်္ကြန်ဆိုသည်မှာ ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရရှိသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသော အဓိပ္ပာယ်ဖြစ်သည်။

သင်္ကြန်နှင့်ဆက်စပ်ပြီး ရွာသွန်းသောမိုးနှင့် ပတ်သက်၍ သင်္ကြန်မကျမီရွာသော မိုးကို သင်္ကြန်ကြိုမိုး၊ သင်္ကြန်ကျပြီး ရွာသောမိုးကို သင်္ကြန်လက်ဆေးမိုးဟု ခေါ်ကြသည်။ အိမ်တိုင်းအိမ်တိုင်းတွင် သင်္ကြန်မကျမီ သင်္ကြန်ကိုကြိုဆိုသော အားဖြင့် အတာအိုးများဖြင့် ကြိုဆိုလေ့ရှိကြသည်။ အတာအိုးတွင် နေ့သင့်နံသင့်ပန်းများ ထည့်ကြသည်။

သင်္ကြန်အတက်နေ့နှင့် မွေးနေ့တိုက်ဆိုင်လျှင် အတာစားသည်ဟု ခေါ်ပြီး အတာစားသူ မွေးနေ့ရှင်အတွက် ဘေးအန္တရာယ်ကင်းစေရန် ဆုတောင်းကြရသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောပြီး နှစ်သစ်အဖြစ်စသော နှစ်ဆန်းတစ်ရက်နေ့မှာ အန္တရာယ်ကင်းပရိတ်ရွတ်ခြင်း၊ သက်ကြီးရွယ်အိုများကို ပြုစုကန်တော့ခြင်း၊ ငါးလွှတ်ပွဲ၊ နွားလွှတ်ပွဲများ ကျင်းပခြင်း စသည့်ကောင်းမှုများ ပြုလုပ်လေ့ရှိကြသည်။

“ကောင်းကင်မိုးလ၊ စိတြနှင့်၊ မိဿရာသီ၊ အညီခါကျော်၊ နှစ်ဦးပေါ်က၊ ကံ့ကော်ရင်ခတ်၊ ပင်တိုင်းညွှတ်လျက်၊ ပွင့်ဝတ်ဝေေ၀၊ တောင်လေဖြူးဖြူး၊ လတန်ခူးကို၊ မြူးထူးပျော်ရွှင်၊ တာသဘင်ဝယ်၊ ဆင်ယင်တုပ၊လွရရွတည့်၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့်၊ ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္မာကရမက်၊ ပန်းပေါင်းဖက်၍၊ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မျှ၊ လည်လှည့်ဆူလှယ်၊ တင့်စံပယ်လျက်၊ မြူးရယ်ရွှင်အား၊ လွန်ပျော်ပါးသည်၊စံကားထုံရည် ဖျန်းတည့်လေ၊ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝနန်းတည့်လေး”ဟူ၍ ဦးအောင်ကြီး၏ အင်းဝမြို့ဘွဲ့ ၁၂ ရာသီလူးတားကဗျာတွင် သင်္ကြန်ပွဲတော် ကျင်းပပုံကို တွေ့ရသည်။

မြန်မာမင်းများလက်ထက်တွင် သင်္ကြန်ပွဲတော်ကို အလေးအမြတ် ကျင်းပကြသည်။ ကြည်လင်သန့်ရှင်းသော ရေတွင် နံ့သာဖြူ၊ ကရမက် စသော အမွှေးနံ့သာများရောကာ ရွှေခွက်ဖြင့်ထည့်ပြီး တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးသိမ်မွေ့စွာ ပက်ဖျန်းကစားကြပုံကို ပြန်လည်မြင်ယောင်နိုင်သည်။ သီပေါမင်း လက်ထက်ထုတ်ပြန်သော သင်္ကြန်ပြောင်းအမိန့်တော်တွင် သင်္ကြန်ပြောင်းချိန်တွင် အမြောက်သံပေးရန် ညနေပိုင်းတွင် နန်းတော်၊လွှတ်တော်၊ ရုံးများ၊ တံခါးများ၊ ထောင့်ပြကြီးများတွင် သံဃာတော်ရှစ်ပါးစီ ပရိတ်တော်ရွတ်ရန်၊ နံနက်တွင် ဆွမ်းလှူဒါန်းရန်၊ ပုဏ္ဏားရှစ်ပါးက  ပရိတ်ရေပက်ဖျန်းရန်၊ သာသနာတော်စောင့် သမ္မာဒေဝနတ်ကောင်း နတ်မြတ်များကိုပူဇော်ရန် စသည့်အချက်များ ပါဝင်သည်။ သင်္ကြန်ကျချိန်ကိုသိရန် အဆန်မပါသော အမြောက်ပစ်၍ အသံပေးရသည်ကို အမြောက်သံပေးမြဲပေးဟု ဖော်ပြသည်။ ထိုအမြောက်ကို သင်္ကြန်အမြောက်ဟုခေါ်သည်။

သင်္ကြန်ပြောင်းအမိန့်တော်တွင် “အခါသုံးရက်အတွင်း ပြည်သူတို့မှာ ထုံး၊ နနွင်း၊ အိုးမဲမသုတ်မလိမ်း၊ မသန့်မပြန့်သည့်ရေများကို မဖျန်းပက်ကြစေနှင့်၊ အမွှေးအထုံရေကြည်ရေသန့်များနှင့် နံနက်ခင်း၊ ညနေခင်းကိုသာ ဖျန်းပက်ကြစေ”ဟု ဖော်ပြပါရှိသည်မှာ သင်္ကြန်ပွဲတော်၏ သိမ်မွေ့သော အသွင်သဏ္ဌာန်ကို ထင်ရှားပေါ်လွင်စေသည်။   သင်္ကြန်သည် မြန်မာတို့ ယဉ်ကျေးမှုကို ဖော်ပြသော ပွဲတော်တစ်ခုလည်းဖြစ်ခဲ့သည်။

မြန်မာတို့၏ ချစ်စရာဓလေ့ကို “ဒါနကတဝေေ၀၊ ရေတွေကတရွှဲရွှဲ၊ ပျော်ပွဲကတဝင့်ဝင့်”ဟူ၍ အလှူဒါနနှင့် အပျော်အရွှင်တို့ကို မျှမျှတတ ဆောင်ရွက်ကြသည့် မြန်မာတို့၏ သိမ်မွေ့လေးနက်သည့် စိတ်ဓာတ်ကို ဆရာဇော်ဂျီက တစ်ခုသောသင်္ကြန်ခါ ကဗျာတွင် ဖော်ကျူးထားသည်။

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများသည် မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေ ပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံတော်၏ တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေးစရိုက် လက္ခဏာများကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပမည်ဖြစ်သည်။ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်  စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ယဉ်ကျေးသိမ်မွေ့၍ ချစ်ခင်နှစ်သက်စရာ ကောင်းသော မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ကိုယ်စီအသိတရားဖြင့် ထိန်းသိမ်းရင်း မဟာသင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာပါဝင် ဆင်နွှဲကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။