ရန်ကုန် -ချောင်းသာ အပျော်စီးဇိမ်ခံသင်္ဘောခရီးစဉ် ဘိုကင်ပြည့်

ပြည်တွင်းက ခရီးသွားကုမ္ပဏီတစ်ခုကနေစီစဉ်ခဲ့တဲ့ ပထမဆုံးပြေးဆွဲပေမယ့် ရန်ကုန် -ချောင်းသာ အပျော်စီးဇိမ်ခံသင်္ဘောခရီးစဉ် မှာ လိုက်ပါဖို့ကြိုတင်လက်မှတ်မှာယူသူများတာကြောင့်ဘိုကင်ပြည့်သွားပြီဖြစ်ကြောင်း ခရီးစဉ်ကိုစီစဉ်တဲ့ Moken Capital ကုမ္ပဏီကနေသိရပါတယ်။

” ရန်ကုန်ကနေ ၂၂ ရက်နေ့ထွက်မယ်။ ၂၄ ရက်နေ့ချောင်းသာကိုရောက်မယ်။ အခုကတော့လက်မှတ်ကပြည့်သွားပြီ။ ဒီသင်္ဘောက ရန်ကုန်ကို ပြန်လာဖို့မရှိပါဘူး။ ချောင်းသာကိုအခြေပြုပြီး တခြားခရီးစဉ်တွေကို ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်”ဟု အဆိုပါကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးကမီဒီယာကိုပြောပါတယ်။

အဆိုပါ ရန်ကုန်-ချောင်းသာ ခရီးစဉ်ကို ၂ ညအိပ် ၃ ရက် ခရီးအဖြစ် စီစဉ်ထားပြီး လက်မှတ်ခနှုန်းထားတွေအနေနဲ့ Suite Cabin with Private Bathroom နှစ်ယောက်အိပ်ခန်း တွင်တည်းခိုပါက ကျပ် ၁၅ သိန်း ၊ သုံးယောက်အိပ်ခန်းမှာ တည်းခိုပါက ကျပ် ၁၄ သိန်း ကုန်ကျမှာဖြစ်ကြောင်းသတ်မှတ်ထားပါတယ်။

” ခရီးစဉ်ကို စီစဉ်မယ်ဆိုပြီး အွန်လိုင်းမှာ မနေ့ကမှ တွေ့လိုက်တယ်။စုံစမ်းကြည့်တော့၁ရက်ပဲရှိသေးတယ်။ဘိုကင်ပြည့်ပြီတဲ့ နဂိုထဲက လက်မှတ်အပြည့်ရောင်းပြီးမှ ခရီးစဉ် လုပ်မယ်ဆိုပြီးအသိပေးလိုက်တာလားတောင်ထင်မိတယ်။အခုအတော်များများကဒီနှစ်ထဲမှာခရီးသွားလာမှုကို ပုံစံအမျိုးမျိုးနဲ့သွားလာကြတယ်”လို့ အပျော်စီးသင်္ဘောခရီးစဉ်ကိုစိတ်ဝင်စားတဲ့ ပြည်သူတစ်ဦးကပြောပါတယ်။

ရန်ကုန် -ချောင်းသာ အပျော်စီးဇိမ်ခံသင်္ဘောခရီးစဉ် မှာတွံတေးမြို နဲ့ တွံတေးတူးမြောင်းရှိ သဘာဝရှုခင်းများကြည့်ရှုနိုင်ခြင်း၊ ဧရာဝတီ ရဲ့ (Delta Region) သဘာဝ အလှတရားများနဲ့ နေဝင်ချိန်ကို cruise ပေါ်မှ ခံစားကြည်ရှုခြင်း၊ မော်တင်စွန်း တန်ခိုးကြီးဘုရားအား သွားရောက်ဖူးမြော်ခြင်းဟိုင်းကြီးကျွန်း သို့ သွားရောက်လည်ပတ်ခြင်း၊ ဂေါ်ရင်ဂျီကမ်းခြေမှ လှပသောကျောက်ဆောင် ရှူခင်းများ ကိုကြည့်ရှုခြင်းနဲ့ ချောင်းသာကမ်းခြေတွင် လည်ပတ်ခြင်းတို့ပါဝင်တယ်လို့ဆိုပါတယ်။

အပျော်စီးသင်္ဘောပေါ်မှာ အိပ်ခန်း၅ခန်းပါဝင်ပြီး ညအိပ်ဧည့်သည်၁၃ဦးတည်းခိုနိုင်မှာဖြစ်ရာ ပထမဆုံးခရီးစဉ်ကို အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန်မှ စတင်ထွက်ခွာကာပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။