မန္တလေးသီတင်းကျွတ်မီးထွန်းပွဲတော်ကို ရတနာပုံဥယျာဉ်မှာပြုလုပ်မယ်

မန္တလေးတိုင်းမှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို နန်းမြို့ရိုးနဲ့ ကျုံးရေပြင်အကြား ရတနာပုံဥယျာဉ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မန္တလေး သီတင်းကျွတ်မီးထွန်းပွဲတော်ပြုလုပ်နိုင်ဖို့ အောက်တိုဘာ ၁၉ ရက်နေ့က အစိုးရအဖွဲ့ရုံးမှာ ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးနန်းမြို့ရိုးနဲ့ ကျုံးရေပြင်အကြား ရတနာပုံဥယျာဉ်မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့ မတိုင်မီနဲ့ လပြည့်နေ့တို့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ပွဲတော်အတွင်း ကျုံးရေပြင်မှာ ဆီမီးမျှောတာ၊ မီးထွန်းတာ၊ မီးရှူးမီးပန်း ပစ်လွှတ်တာနဲ့ မီးပုံးပျံလွှတ်တင်ပူဇော်တာတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်။

အများပြည်သူတွေအတွက်လည်း တေးသီချင်းဖျော်ဖြေတင်ဆက်မှုအစီအစဉ်တွေအပါအဝင် ရိုးရာခြင်းလုံးခတ်ခြင်း၊ ဆင်အကနဲ့ တင်ဆက်ဖျော်ဖြေခြင်း၊ စတုဒိယာကျွေးမွေးဧည့်ခံခြင်းအစီအစဉ်တွေပါ ထည့်သွင်း ကျင်းပမယ်လို့ သိရပါတယ်။