ပင်လယ်သွားဆေးရုံ ရေယာဉ် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး

မတ်လ ၇ရက်နေ့က ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့်  တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကု ဆေးအဖွဲ့များ လိုက်ပါ လာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ရမ်းဗြဲမြို့ နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ ကျောက်နီမော်ကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ကြိုဆိုကြပါတယ်။

နယ်လှည့်အထူးကု ဆေးအဖွဲ့သည်  ကျောက်နီမော်ကျေးရွာရှိ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၇၅၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၂၃ ဦး၊ ခွဲစိတ်ရောဂါ ၄၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁၄ ဦး၊ ကလေးရောဂါ ၂၇ ဦး၊ အရိုးရောဂါ ၁၄၃ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၇၂ ဦး၊ မျက်စိရောဂါ ၂၀၀ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေ ခွဲစိတ်လူနာ ၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၆ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၇၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၂၂ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူ ၂ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။